Navigation - link to other main sections from here


နေပြည်တော်တွင် ၅ သိန်းတန် GSM ချထား ပေးမည့် သတင်းမှာ မဟုတ်ဟုဆို


စက်တင်ဘာလ အတော အတွင်း တစ်နိုင်ငံလုံး၌ အသုံးပြု နိုင်မည့် ၅ သိန်းတန် GSM ဖုန်းများကို နေပြည်တော်၌ ချထား ပေးမည် ဟုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ “နေပြည်တော်မှာ ၅ သိန်းတန် GSM ဖုန်း မချပေးပါဘူး။ နေပြည်တော်မှာ GSM ၊ စီဒီအမ်အေတွေ စတဲ့ ဖုန်းလိုင်း မျိုးစုံ သုံးလို့ ရအောင်သာ စီစဉ် ပေးနေခြင်းဖြစ်ပါတယ်။ GSM ကို ၅ သိန်းနဲ့ ချထားပေးဖို့ အစီ အစဉ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

၅ သိန်းတန် GSM ဖုန်းလိုင်းများ နေပြည်တော်တွင် ချထားပေးမည် ဟူသော သတင်း နှင့် ပတ်သက်၍ နေပြည်တော် စာတိုက်ကြီးသို့ ဆက်သွယ် မေးမြန်းခဲ့ ရာတွင် တာဝန်ရှိသူ တစ်ဦးက “ အဲ့ဒီ သတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆီမှာ ၅ သိန်းတန် GSM အတွက် ဆိုပြီး ညွှန်ကြားချက် မရှိပါဘူး” ဟု ပြန်လည် ဖြေကြားသည်။ မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် ပြည်နယ် နှင့် တိုင်း ၉ ခုရှိ မြို့ပေါင်း ၂၄ မြို့တွင် ၅ သိန်းတန် စီဒီအမ်အေ 450 MHz မိုဘိုင်း ဖုန်းလိုင်း နှစ်သောင်းကျော်ကို ချထား ပေးလျက် ရှိကြောင်း အဆိုပါ စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်း တို့သည် နယ်မြေ ကျော်ပြီး သုံးစွဲလျှင် ၆၀ ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံး အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။


၀၄ . ၁၂ . ၂၀၁၀
© Myanmar Internet Journal
မြင့်ကျော်လှိုင်


အင်တာနက် ဆိုင်များ အတွက် စည်းကမ်းချက် အသစ်များ ထုတ်ပြန်


အများ ပြည်သူသုံး အင်တာနက် ဆိုင်များ တွင် လုံခြုံရေး ကင်မရာ စီစီတီဗီ ကင်မရာများ တပ်ဆင်ရန် နှင့် ဝန်ထမ်း လေးဦး ခန့်ထားရန် သက်ဆိုင်ရာက အစည်း အဝေးခေါ်ယူ၍ အသိပေး ပြောကြား ခဲ့ကြောင်း အင်တာနက် ဆိုင်ရှင် အချို့က ပြောသည်။ “တနင်္ဂနွေ နေ့လယ်က (နိုဝင်ဘာ ၂၁) မ.ယ.က ရုံးမှာ ဆိုင်ရှင် တွေကို အစည်း အဝေး ခေါ်ပြီး ပြောတာ” ဟု ကမာရွတ် မြို့နယ်၌ အင်တာနက်ဆိုင် ဖွင့်လှစ် ထားသော ဆိုင်ရှင် တစ်ဦးက ပြောသည်။ “ ဒီလ ဒုတိယပတ် လောက်က စပြီး အဲဒီကိစ္စ ဆိုင်တွေကို ပြောသွားတာ။ အဓိက ကတော့ မြို့တော်ခန်းမနားက (အင်တာနက်ဆိုင်) Sky Net မှာ ဗုံးတွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်တွေပိုပြီးတော့ လုံခြုံရေးကို အာရုံစိုက်လို့ရအောင်လို့ ပြောသွားတယ်”ဟု ကျောက်တံတား မြို့နယ်တွင် ဖွင့်လှစ် ထားသော အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ထို့အပြင် ဆိုင်တွင်းရှိ အမှိုက်ပုံးနှင့် အိမ်သာအား စစ်ဆေးရန်၊ သုံးစွဲ သူများက အွန်လိုင်းမှ အချက် အလက်များ ဆွဲချခြင်း(ဒေါင်းလော့)၊ အပ်(ပ်)ဒိတ် လုပ်ခြင်းအား ကြည့်ရှု မှတ်သားရန် နှင့် အင်တာနက် ဆိုင်များတွင် ညအိပ် နေထိုင်သူများအား ဧည့်စာရင်း တိုင်ကြားရန် ပြောကြား ခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါ စည်းကမ်းများအား သက်ဆိုင်ရာက စစ်ဆေးသည့် အခါ လိုက်နာထားခြင်း မရှိပါက ဆိုင်ပိတ်သည် အထိ ပြင်းထန်စွာ အရေး ယူမည် ဖြစ်ကြောင်း အစည်း အဝေးတက်ရောက်ခဲ့သူ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ယခုလ ၂ ရက်က ရန်ကုန်မြို့ Sky Net အင်တာနက် ဆိုင်တွင် ချိန်ကိုက်မိုင်း ၄ လုံးကို သက်ဆိုင်ရာက ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်း ချိန်ကိုက်မိုင်း ထောင်ခဲ့သူများကို ဆိုင်၏ စီစီတီဗီ ကင်မရာမှ မှတ်တမ်း တင်နိုင်မှုကြောင့် နောက်ပိုင်းတွင် အလားတူ ကိစ္စများ ကြုံရပါက အထောက် အပံ့ ရနိုင်ရန် တပ်ဆင် စေခြင်း ဖြစ်သည်။

၀၄ . ၁၂ . ၂၀၁၀
© 7 Day News

စည်ပင်က လမ်းများ ဆက်ခင်းမည်ဟု ဆို


ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက ဆောင်ရွက် ပေးနေသော အဆင့်မြင့် လမ်းခင်း ပေးခြင်း လုပ်ငန်း များကို ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကော်မတီ ၏ ပြည်သူ့ ဆက်ဆံရေး နှင့် ပြန်ကြားရေး ဌာန က သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ် တွင် အဆင့်မြင့် လမ်းခင်း ပေးခြင်း လုပ်ငန်းများကို ၂၀၁၀ နှစ်ဆန်း မှ စတင် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ခင်းနေဆဲ လမ်းများ ရှိနေသေးကြောင်း သိရသည်။

ထိုသို့ ခင်းပေးရာတွင် မြို့နယ် ၃၃ မြို့နယ်၌ တစ်ရပ်ကွက်လျှင် တစ်လမ်းနှုန်းဖြင့် ခင်းပေးခြင်းဖြစ်ပြီး အသွား အလာများသော လမ်းများကို အဓိက ခင်းပေးခြင်း ဖြစ်သည်။ လမ်းခင်းရာ၌ ဘိလပ်မြေသယ် ကားများဖြင့် ခင်းပေးခြင်း ရှိသကဲ့သို့ လက်လှည့် ဖျော်စက် များဖြင့် ခင်းပေးခြင်းများလည်း ရှိရာ အများ အားဖြင့် မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများကို အသင့် ဖျော်ပြီးသား ဘိလပ်မြေ ကားများဖြင့် ခင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။ ခင်းလတ်စ ဖြစ်နေသော လမ်းများ ရပ်တန့် နေရခြင်းမှာ ဘိလပ်မြေကား အစီးရေ နည်းနေသောကြောင့် အလှည့် ကျစောင့် နေရခြင်းသာ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

၀၄ . ၁၂ . ၂၀၁၀
© မြန်မာတိုင်း(မ်)

Sky-Net ရုပ်သံ လိုင်းသစ် ဒီဇင်ဘာလ ဆန်း၌ ထုတ်လွှင့်ရန် စီစဉ်


မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်း ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ရတနာပုံ တယ်လီပို့စ် နှင့် ရွှေသံလွင် မဒီယာ ကုမ္ပဏီ လီမိတက် တို့မှ အကျိုးတူ ပူးပေါင်း၍ Sky-Net ရုပ်သံလိုင်း များကို ဒီဇင်ဘာလဆန်း အတွင်း ထုတ်လွှင့် ပြသ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရွှေသံလွင် မီဒီယာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။ အဆိုပါ Sky-Net ရုပ်သံလိုင်းကို ဂြိုဟ်တုမှတစ်ဆင့် DTH စနစ်နှင့် MPS စနစ်ဖြင့် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားသို့ ၀န်ဆောင်မှုပေးသွားမည် ဖြစ်သည်။ DTH မှာ Direct to Home စနစ် ဖြစ်ပြီး မိမိ အိမ်တွင် Channel ပေါင်း ၅၀ ကျော်ကို ကြည့်ရှု ခံစား နိုင်မည် ဖြစ်သည်ဟု သိရသည်။

MPS မှာ Multi Play Service စနစ်ဖြစ်ပြီး DTH တွင် ထုတ်လွှင့်ပြသမည့် Channel များသာမက အင်တာနက်၊ အီးမေး၊ Fax၊ ဖုန်းအစရှိသည့်တို့ကိုပါ တစ်ပြိုင်တည်းကြည့်ရှု အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ DTH စနစ်အတွက် မိမိ၏နေအိမ်တွင် Sky-Net DTH နှစ်ပေစလောင်းနှင့် Set Stop Box တစ်စုံနှင့် Smart Card တို့ဝယ်ယူရမည်ဖြစ်ပြီး မိမိနေအိမ်ရှိ တီဗွီနှင့် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ “DTH ထက် MPS ကိုပိုပြီးတော့ သဘောကျနယ်။ DTH ထက်ဈေးတော့ ပိုပေးရနိုင်တယ်။ ကျေးလက်ဒေသပါမကျန် ကြည့်နိုင်တော့ ပြည်သူတွေအနေနဲ့လည်း ဗဟုသုတတိုးပွားတာပေါ့။ ဒါ့အပြင် ရုပ်သံလိုင်းသစ် ကဏ္ဍတွေလည်း တိုးလာနိုင်တယ်။

ဈေးတွေ ကတော့ ကျပ် ကိုးသိန်း ကနေ ၁၂ သိန်းလောက် အထိ ခန့်မှန်းခြေ ရှိနိုင်တယ်” ဟု အဆိုပါ ရုပ်သံလိုင်း နှင့် နီးစပ်သူ တစ်သီးက ပြောပြသည်။ ယခု ထုတ်လွှင့် ပြသမည့် Sky-Net ရုပ်သံလိုင်းကို မြန်မာနိုင်ငံ၏ အခပေး ကတ်စနစ်ဖြင့် ပြသမည့် ဒုတိယမြောက် ရုပ်သံလိုင်းလည်း ဖြစ်သည်။ ထို့ပြင် မြ၀တီ ရုပ်မြင်သံကြားမှ လွဲ၍ မြန်မာ့ ရုပ်မြင်သံကြား ၊ MRTV-4 ၊ မြန်မာ အင်တာနေရှင်နယ်၊ Sky-Net အင်တာ တိန်းမန့် ဟူသော Channel များကို Free to Air စနစ်ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

၀၄ . ၁၂ . ၂၀၁၀
© 24/7 News

ကိုရီးယား ကျွမ်းကျင်သူ များကို လိုအပ်လျှင် မြန်မာ နိုင်ငံမှ ကဏ္ဍ ၅၃ ခု အတွက် လျှောက်ထားနိုင်


မြန်မာနိုင်ငံ ဝန်ကြီးဌာန များ၏ ဌာန အသီးသီး အောက်ရှိ အခန်း ကဏ္ဍပေါင်း ၅၄ ကဏ္ဍတွင် တာဝန် ထမ်းဆောင်ရန် အတွက် ကိုရီးယား ကျွမ်းကျင်သူ ပညာရှင် များကို တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီသို့ လျှောက်ထား နိုင်ကြောင်း ယင်းအေဂျင်စီ (KOCIA) ၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရသည်။ “ဝန်ကြီးဌာနက လိုအပ်တဲ့ နေရာနဲ့ လိုအပ်တဲ့ ပညာရှင်ကို မြန်မာနိုင်ငံ အခြေစိုက် KOCIA ရုံးကို လျှောက်ထားရပါမယ်။

KOCIA က လွှတ်ပေးတဲ့ ကိုရီးယားကျွမ်းကျင်ပညာရှင် (Korea Oversea Volunters) တွေဟာ သက်ဆိုင်ရာ ဌာန အသီးသီးမှာ နှစ်နှစ် တာဝန်ထမ်းဆောင်ရပါမယ်။ KOV တွေဟာ မြန်မာနိုင်ငံကို မလာခင်ကတည်းက မြန်မာစကား တစ်လကြိုသင်ခဲ့ပြီး မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာ နှစ်လထပ်ပြီး သင်ရတဲ့အတွက် ဌာနတွင်းမှာ ဘာသာစကား အခက်အခဲ မရှိနိုင်ပါဘူး”ဟု KOCIA မှ KOV စေလွှတ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ကိုရီးယားကျွမ်းကျင် ပညာရှင်များ စေလွှတ်ခြင်းကို ၁၉၉၇ ခုနှစ်ကတည်းက နှစ်နိုင်ငံအစိုးရ သဘောတူညီမှုဖြင့် စေလွှတ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုတွင် KOV ၂၃ဦး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ကိုရီးယား ကျွမ်းကျင်ပညာရှင်များကို တောင်းဆိုနိုင်သည့် ကဏ္ဍများမှာ စီးပွားရေးစီမံခန့်ခွဲမှု၊ သိပ္ပံပညာရေး၊ ကလေးသူငယ်အရွယ် မတိုင်မီပြုစုစောင့်ရှောက်ရေး၊ ဂီတ၊ လူငယ်ဖွံ့ဖြိုးမှု၊ ဆေးဝါးကျွမ်းကျင်၊ သွားဘက်ဆိုင်ရာ၊ ပန်းပု၊ မော်တော်ယာဉ် အစရှိသည်တို့ဖြစ်ပြီး နိုင်ငံတော်အ တွက် လိုအပ်သည့် ကဏ္ဍ ပေါင်းစုံသို့ KOV များ စေလွှတ်၍ ကူညီ သွားမည်ဟု အထက်ပါ KOICA ရုံးမှ ပြောကြားခဲ့ ပါသည်။

၀၄ . ၁၂ . ၂၀၁၀
© ပြည်မြန်မာ ဂျာနယ်


ကုမ္ပဏီ အမည်ပေါက် ယာဉ်တွေ အမည်ပြောင်းလို့ ရပြီ


မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ( MIC ) က ခွင့်ပြုတဲ့ ကုမ္ပဏီ အမည်ပေါက် မော်တော်ယာဉ်တွေ အခွန်ဆောင်ပြီး ပိုင်ရှင် အမည် ပြောင်းလို့ ရပြီလို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရတယ်။ ကုမ္ပဏီပိုင် ယာဉ်တွေက အရင်က ဝယ်ခွန် ပေးဆောင်စရာ မလိုဘဲ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ယာဉ် အမျိုးအစားတွေ ဖြစ်တယ်။ အဲသည့်ယာဉ်တွေက တင်သွင်းလာကတည်းက ကုမ္ပဏီအမည်နဲ့ တစ်ဦးတည်း ပုဂ္ဂလိကပိုင်ဖြစ်တယ်။ သည်အတွက် တင်သွင်းလာစဉ်ကအမည်နဲ့ သာထားရှိရမှာဖြစ်တယ်။

အမည်ပြောင်း၊ လွှဲပြောင်းရောင်းချလို့ မရပါဘူး။ ‘အခုနောက်ပိုင်းမှာ အဲဒီယာဉ်တွေက တစ်ဆင့်လွှဲပြောင်း ရောင်းချပြီး ပိုင်ရှင် အမည်ပြောင်းလို့ရပြီ’လို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရတယ်။ ကုမ္ပဏီပိုင်ယာဉ်တွေ ပိုင်ရှင်အမည်ပြောင်း တဲ့အခါ တခြားယာဉ်တွေလိုပဲ ကားတန်ဖိုးဖြတ်ပြီး အဲသည့် တန်ဖိုးတစ်ဝက်ရဲ့ ၁၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ပြီး အမည်ပြောင်းလို့ရပါပြီ။ အမည်ပြောင်းတဲ့အခါ ယာဉ်ရဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ တန်ဖိုးဖြတ်နိုင်ပါတယ်။

အခုလို အဲသည်ကုမ္ပဏီပိုင် ယာဉ်တွေကို ပိုင်ရှင်အမည် လွှဲပြောင်းခွင့် ပြုရတာက တင်သွင်းလာတုန်းကလို လုပ်ငန်းအတွက် အသုံးမဝင်တော့ တဲ့အခါ အဲသည်ယာဉ်ကို တခြားကို လွှဲပြောင်းရောင်းချင်ကြတယ်။ ဒါပေမဲ့ အမည်ပြောင်းလို့ မရတဲ့ ယာဉ်ဖြစ်လို့ ရောင်းသူရော ဝယ်သူပါ အခက်အခဲဖြစ်နိုင်တယ်။ အခုလို အခွန်စည်းကြပ် တန်ဖိုးဖြတ်ပေးလိုက်လို့ ရသင့်ရထိုက်တဲ့ အခွန်တွေရရှိနိုင်သလို ရောင်းသူဝယ်သူ အတွက်လည်း အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီပိုင်ယာဉ်တွေက လုပ်ငန်းသုံးယာဉ် အများဆုံးပါဝင်ပြီး ထရပ်ယာဉ်စတာတွေ အမျိုးအစားအစုံဖြစ်တယ်လို့ သိရပါသည်။

၀၃ . ၁၂ . ၂၀၁၀
© မော်ဒန်ဂျာနယ်

မြန်မာပို့စ် နဲ့ ဒေါက်တာ ဖုန်းဝင်းတို့ အနေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းကို ဆက်သွယ်ပြီးမှ ပြောဆို သင့်ပါတယ်


စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်တွင် အောက်ပါ အတိုင်း ရေးသား ဖော်ပြထားသည့် သတင်း တစ်ပုဒ် ပါရှိခဲ့ ပါသည်။ အဆိုပါ သတင်း နှင့် ပတ်သက်၍ Myanmar Egress တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် စီမံခန့်ခွဲရေး အရာရှိ ဒေါ်နန္ဒာလှိုင် ကို The Voice Weekly က တွေ့ဆုံ မေးမြန်း ထားသည်။ စက်တင်ဘာလ ၁၇ ရက်က ဂျာမနီ နိုင်ငံ ဘာလင်မြို့တွင် Myanmar Egress အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း သုံးရပ်တို့ ပါဝင်ဆွေး နွေးသည့် စားပွဲဝိုင်း ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်း တို့အပါအ၀င် စုဖွဲ့ထားသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဟောင်း ရှစ်ဦးတို့က သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ ထိုထုတ်ပြန်ချက်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ကို ထိခိုက်စေလိုခြင်း မဟုတ်ကြောင်း ဒေါက်တာ ဖုန်းဝင်းက စက်တင်ဘာ ၂၀ ရက်တွင် ရှင်းလင်း ပြောကြားသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ ကို ဂျာမနီ အခြေစိုက် FES (Friedrich-Ebert-Stiytung) က ကြီးမှူးစီစဉ်ခြင်း ဖြစ်ပြီး အမေရိကန် အခြေစိုက် IDE (International Development Enterprises Myanmar), European Commission နှင့် မြန်မာနိုင်ငံ ရှိ Myanmar Egress တို့ စု ပေါင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မေး။ ။မြန်မာပို့စ် သတင်းဂျာနယ် က ဒေါက်တာ ဖုန်းဝင်းနဲ့ တွေ့ဆုံရေးသား ဖော်ပြခဲ့တဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင် ငံဆိုင်ရာ ဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ Myanmar Egress တာဝန်ရှိသူ တစ်ဦး အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ကျွန်မတို့ Myanmar Egress အနေနဲ့ အဲဒီ ဆွေးနွေးပွဲကို စီစဉ်သူတွေထဲမှာ လည်းမပါဘူး၊ တက်ရောက်သူတွေ ထဲမှာလည်း မပါဘူး။

မေး။ ။အဲဒါဆိုရင် မြန်မာပို့စ် ဂျာနယ် နဲ့ ဒေါက်တာ ဖုန်းဝင်းတို့ ရေးသားပြောဆို စွပ်စွဲ ချက်တွေဟာ မမှန်ဘူးလို့ ဆိုလိုချင်တာလား။ အဲဒါ ဘယ်လို ဖြစ်တာလဲ ခင်ဗျ။

ဖြေ ။ ။ အဲဒီ သတင်းတွေဟာ Opposition မီဒီယာ တစ်ခုရဲ့ Follow up တွေဖြစ်ပါတယ်။ အဲဒီ မီဒီယာတွေက ဒါမျိုးတွေ လုပ်နေကျ ဖြစ်တော့ ကျွန်မတို့မှာ ရိုးနေပါပြီ။ အခုဟာက ပြည်တွင်း မီဒီယာ တစ်ခုပေါ်မှာ တွေ့လိုက်ရလို့ နည်းနည်းတော့ အံ့သြသွားပါတယ်။
မေး။ ။အဲဒီလို ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ တုံ့ပြန် ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ ကျွန်မတို့ကို Opposition မီဒီယာ တွေက ဒီလိုပဲ Frame လုပ်နေကျ ဖြစ်လို့ ရိုးနေပါပြီ။ ကိုယ့်တာဝန် ကိုယ်ယူကြေးလို့ပဲ သဘောထား ပါတယ်။ အခုကိစ္စမှာ မြန်မာပို့စ်ဟာ တရားဝင် ထုတ်ဝေနေတဲ့ သတင်းစာစောင် ဖြစ်တယ်။ ဒေါက်တာဖုန်းဝင်းဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံဖို့ ပြင်ဆင်နေသူ ဖြစ်တယ်။ သူတို့ ဒီကိစ္စ မှားသွားတာ ဘယ်လို တာဝန်ယူသလဲ စောင့်ကြည့် ကြတာပေါ့။

မေး။ ။ဒီလိုရေးသား စွပ်စွဲတာမျိုးကို တရားဥပဒေ ကြောင်းအရ အရေးယူ ဆောင်ရွက်ဖို့ကော မရှိဘူးလား ခင်ဗျ။

ဖြေ ။ ။ ကျွန်မတို့ အနေနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ကိုသာ လိုလားတာ ဖြစ်လို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများရဲ့ မဟုတ်မမှန် စွပ်စွဲချက် တိုင်းကို Negative Response ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။

မေး။ ။ကျွန်တော် သေချာအောင် ပြန်မေးပါရစေ။ ဒီအစည်းအဝေးကို ဆရာမ တို့ဆီက လုံးဝ တစ်ယောက်မှ မသွားဘူးနော်။ မြန်မာနိုင်ငံက ဘယ်သူ သွားသလဲ ခင်ဗျ။

ဖြေ ။ ။ ကျွန်တော်တို့ဟာ ဒီအစည်းအဝေးကို စီစဉ်သူတွေ ထဲမှာလည်း မပါဘူး။ တက်ရောက် သူတွေထဲမှာလည်း မပါဘူး။ အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်လေ။ တက်ရောက်သူဟာ ဒေါက်တာ ခင်ဇော်ဝင်းသာ ဖြစ်ပါတယ်။ ဒေါက်တာခင်ဇော်ဝင်း ဟာ IDE လည်း မဟုတ်ဘူး။ Egress လည်းမဟုတ်ဘူး။ မြန်မာပို့စ်နဲ့ ဒေါက်တာဖုန်းဝင်းတို့ အနေနဲ့ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်ပြီးမှ ပြောဆို သင့်ပါတယ်။

၀၃ . ၁၂ . ၂၀၁၀ © The Voice

အင်တာနက် ဆိုင်တွင် ချိန်ကိုက်မိုင်း ထောင်ခဲ့သူ များအား သတင်းပေး ပါက ဆုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်မည်


ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် ဖွင့်လှစ် ထားသည့် Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ထောင်ခဲ့သူ များအား တွေ့ရှိ သတင်းပေး ပါက ဆုငွေကျပ် ၁၀သိန်း ချီးမြှင့်မည်ဟု ကျောက်တံတား ရဲစခန်းမှ ထုတ်ပြန် ထားသည်။ Star Net အင်တာနက် ဆိုင်အတွင်းရှိ CCTV ကင်မရာ မှတ်တမ်းအ ရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ နှစ်ဦး၏ ပုံသဏဏ္ဍာန်မှာ ဆံပင်နက်တို၊ နဖူးကျယ်၊ မျက်ခုံးသင့်၊ နှာတံပေါ်/ပွ၊ နားရွက်သေး/ကပ်၊ မျက်နှာရှည်၊ အသားလတ်၊ ကိုယ်ခန္ဓာသင့်၊ အရပ် ၅ပေ ၆လက်မခန့်၊ အသက် ၄၀နှစ်ခန့်၊ ဗမာနှင့် ဆံပင်နက်/တို/ဘေးခွဲ၊ နဖူးသင့်၊ မျက်ခုံးသင့်၊ နှာတံပေါ်/လုံး၊ နာရွက်ကြီး/ကွာ၊ မျက်နှာသွယ်၊ အသားညို၊ ကိုယ်ခန္ဓာသင့်၊ အရပ်၅ပေ ၅လက်မခန့်၊ အသက်၄၅နှစ်ခန့် ဗမာလူမျိုးဟု ကျောက်တံတား ရဲစခန်းက ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ အင်တာနက် ဆိုင်ရှိ ထိုင်ခုံအမှတ် (၄) စားပွဲခုံ အောက်တွင် အဝါရောင် ကွန်ပါဘူး အတွင်း၌ အဖြူရောင် C4 ယမ်းတစ်ထုပ်၊ Casio အမျိုး အစား အဖြူရောင် ဒိုင်ခွက်ကြိုး မပါ နာရီ တစ်လုံး၊ Panasonic ဓာတ်ခဲ အသေး တစ်လုံး၊ လက်ကိုင်ဖုန်းသုံး ဓာတ်ခဲပြား တစ်ခု၊ နှစ်လက်မ အရှည်ရှိ ဝါယာကြိုး နီး၊ စိမ်း၊ ဝါ၊ ဖြူ ဝါယာကြိုး ၄ စကို ပူးတွဲလျက်၊ အပြာရောင်ကွန်ပါဘူးအတွင်းမှ အဖြူရောင် C4ယမ်းတစ်ထုပ်၊ အနက်ရောင် ဒိုင်ခွက်လက်ပတ်ကြိုးမပါ Casio နာရီ တစ်လုံး၊ ဒီတိုနီတာ တစ်ခု၊ Panasonic ဓာတ်ခဲ အသေး ၃လုံး ၊ အရှည် နှစ်လက်မခန့်ရှိ ဝါယာကြိုးဖြူ၊ ပြာ၊ စိမ်း၊ နီ၊ နက်၅ ကြိုးပူးတွဲလျက်။ ဂျာနယ်စာစောင်ဖြင့် ထုတ်ထားသည့် အနီရောင်ကွန်ပါဘူးအတွင်း၌ အဖြူရောင် C4ယမ်းတစ်ထုပ်၊ ဓာတ်ခဲအသေး နှစ်လုံး၊ ဒီတိုနီတာတစ်ခု၊ အရှည်နှစ်လက်မခန့်ရှိ နက်၊ စိမ်း၊ နီ ဝါယာကြိုး ၃စပူးတွဲလျက်။ အစိမ်းရောင် ကွန်ပါဘူးအတွင်းမှ အဖြူရောင် C4ယမ်းတစ်ထုပ်၊ အနီရောင်တစ်စတို့အား ပူးတွဲလျက်စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။ အထက်ပါ သံသယရှိသူ ၂ ဦးအား တွေ့ရှိပါက ဖုန်း ၃၇၁၀၄၉ နှင့် ၃၇၁၀၅၄သို့ ဆက်သွယ် သတင်းပေးနိုင်သည်ဟု ကျောက်တံတား ရဲစခန်းမှ ထုတ်ပြန် ထားသည်။


၀၃ . ၁၂ . ၂၀၁၀ © Popular News

ဂီရိဒဏ်သင့်များ အတွက် စင်ကာပူ ဖိနပ် ကုမ္ပဏီမှ ဖိနပ် တစ်သောင်း လှူဒါန်း


ဂီရိ မုန်တိုင်း ဒဏ်ခံ ရခိုင်ပြည်နယ် ကျေးရွာ များသို့ စင်ကာပူနိုင်ငံ Crocs - Shoes ကုမ္ပဏီ မှ ဖိနပ် အရန် တစ်သောင်း လှူဒါန်း ခဲ့ကြောင်း အလိုတော်ပြည့် ဂေါပက အဖွဲ့ရုံးမှ သိရသည်။ “ Crocs-Shoes ကုမ္ပဏီက လှူလိုက်တဲ့ ဖိနပ်တွေ နိုဝင်ဘာ ၁၆ ရက်မှာ ရောက် ပါတယ်။ အဲဒီ ကုမ္ပဏီက အလိုတော်ပြည့် က တစ်ဆင့် လှူဒါန်း တာပါ ” ဟု အလိုတော်ပြည့် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လှူဒါန်း လိုက်သော ဖိနပ်များကို အလှူရှင်များ ကိုယ်စား အလိုတော်ပြည့် ဂေါပက အဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် စစ်တွေမှ မြေပုံ ၊ ပေါက်တော နှင့် အရှေ့ ဖရံကာ ကျွန်းဒေသ များသို့ ဖိနပ် များကို မျှဝေ လှူဒါန်း ခဲ့ကြောင်း အလိုတော်ပြည့် အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းလှူဒါန်းမှု မတိုင်မီ နိုဝင်ဘာ ၁၁ ရက်တွင် အလိုတော်ပြည့် ဆရာတော် ဦးစီးသော စေတနာရှင်များသည် ဂီရိမုန်တိုင်း တိုက်ခတ်ခံရသော ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူနှင့် ကျောက်တော်မြို့ များသို့ အလှူငွေနှင့် အထွေထွေ ပစ္စည်းများကို သွားရောက် လှူ ဒါန်းခဲ့ကြောင်း သိရသည။် “စင်ကာပူက လှူဒါန်းလိုက်တဲ့ Crocs ဖိနပ်တွေက စင်ကာပူဒေါ်လာ ၈ဝ လောက်ပေးရတယ်၊ တောင်တက်စီးကောင်းတဲ့ ဖိနပ်တွေ နာမည်ကြီး တံဆိပ်တစ်ခုပဲ” ဟုစင်ကာပူသို့ သွားရောက်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၂ ရက်တွင် ဂီရိမုန်တိုင်း စတင်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၄ဝ ကျော် သေဆုံးကာမြို့နယ်နှင့် ကျေးရွာပေါင်း တစ်ရာ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်ယာမြေနှင့် ရေလုပ်ငန်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိ အနေအထားတွင် မုန်တိုင်းဒဏ်သင့် ဒေသများ၌ နိုင်ငံတော်မှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် NGO၊ INGO အပြင်များနှင့် အလှူရှင်များကလည်း ဆန်၊ စားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများ ကူညီထောက်ပံ့လျက် ရှိကြောင်း သိရသည်။


၀၃ . ၁၂ . ၂၀၁၀
© Popular News
မင်းထက်စံ

ပြည်တွင်း အင်တာနက် ကွန်ရက်ကို ထပ်မံ တိုက်ခိုက်မှု ရှိနေ


နိုဝင်ဘာလ ဒုတိယ အပတ်မှ စတင်၍ ပြည်တွင်းရှိ အင်တာနက် ကွန်ယက် များကို ထပ်မံ တိုက်ခိုက်ခြင်း ခံနေ ရကြောင်း ကွန်နက်ရှင် ပြတ်တောက်သည် အထိ ပြင်းထန်မှု မရှိစေရန် ဆောင်ရွက် ထားရှိကြောင်း သတင်း အချက် အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ D.Dos စနစ်ဖြင့် နှောင့်ယှက် တိုက်ခိုက် နေခြင်းဖြစ်ပြီး ကွန်နက်ရှင်များသာမက Hardware အစိတ် အပိုင်းများ ကိုပါ ပျက်စီး စေရန် ရည်ရွယ် လာကြောင်း သိရသည်။ “တိုက်ခိုက်တာက Level သုံးမျိုးလောက်ရှိတယ်။ အရင်ကဆိုရင် Server တွေကို ဦးတည် တိုက်လေ့ရှိတယ်။ အခုတိုက်တဲ့ပုံစံက Server တွေအပြင် Brandwidth တွေကိုပါ တိုက်တယ်။ နောက်ဆုံးအဆင့် Hardware တွေပါ ပျက်စီးစေအောင် ရည်ရွယ်လာတယ်”ဟု ၄င်းကပြောသည်။ ကွန်ရက် တိုက်ခိုက်မှုအား ဖြေရှင်း နိုင်စေရန် ပြည်ပမှ ပညာရှင်များနှင့် စက်ပစ္စည်းများကို ငှားရမ်းထားကြောင်းလည်း သိရသည်။ ယခုအကြိမ် တိုက်ခိုက်မှုသည် ၂၀၁၀ ခုနှစ် အတောအတွင်း လေးကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ တိုက်ခိုက်ခံရသော ဖြစ်စဉ်မှာ အပြင်းထန်ဆုံး ဖြစ်သည်။

၂၇ . ၁၁ . ၂၀၁၀
© Internet ဂျာနယ်

Free counter and web stats