Navigation - link to other main sections from here


မြန်မာပို့စ် နဲ့ ဒေါက်တာ ဖုန်းဝင်းတို့ အနေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းကို ဆက်သွယ်ပြီးမှ ပြောဆို သင့်ပါတယ်


စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်တွင် အောက်ပါ အတိုင်း ရေးသား ဖော်ပြထားသည့် သတင်း တစ်ပုဒ် ပါရှိခဲ့ ပါသည်။ အဆိုပါ သတင်း နှင့် ပတ်သက်၍ Myanmar Egress တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် စီမံခန့်ခွဲရေး အရာရှိ ဒေါ်နန္ဒာလှိုင် ကို The Voice Weekly က တွေ့ဆုံ မေးမြန်း ထားသည်။ စက်တင်ဘာလ ၁၇ ရက်က ဂျာမနီ နိုင်ငံ ဘာလင်မြို့တွင် Myanmar Egress အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း သုံးရပ်တို့ ပါဝင်ဆွေး နွေးသည့် စားပွဲဝိုင်း ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်း တို့အပါအ၀င် စုဖွဲ့ထားသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဟောင်း ရှစ်ဦးတို့က သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ ထိုထုတ်ပြန်ချက်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ကို ထိခိုက်စေလိုခြင်း မဟုတ်ကြောင်း ဒေါက်တာ ဖုန်းဝင်းက စက်တင်ဘာ ၂၀ ရက်တွင် ရှင်းလင်း ပြောကြားသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ ကို ဂျာမနီ အခြေစိုက် FES (Friedrich-Ebert-Stiytung) က ကြီးမှူးစီစဉ်ခြင်း ဖြစ်ပြီး အမေရိကန် အခြေစိုက် IDE (International Development Enterprises Myanmar), European Commission နှင့် မြန်မာနိုင်ငံ ရှိ Myanmar Egress တို့ စု ပေါင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မေး။ ။မြန်မာပို့စ် သတင်းဂျာနယ် က ဒေါက်တာ ဖုန်းဝင်းနဲ့ တွေ့ဆုံရေးသား ဖော်ပြခဲ့တဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင် ငံဆိုင်ရာ ဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ Myanmar Egress တာဝန်ရှိသူ တစ်ဦး အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ကျွန်မတို့ Myanmar Egress အနေနဲ့ အဲဒီ ဆွေးနွေးပွဲကို စီစဉ်သူတွေထဲမှာ လည်းမပါဘူး၊ တက်ရောက်သူတွေ ထဲမှာလည်း မပါဘူး။

မေး။ ။အဲဒါဆိုရင် မြန်မာပို့စ် ဂျာနယ် နဲ့ ဒေါက်တာ ဖုန်းဝင်းတို့ ရေးသားပြောဆို စွပ်စွဲ ချက်တွေဟာ မမှန်ဘူးလို့ ဆိုလိုချင်တာလား။ အဲဒါ ဘယ်လို ဖြစ်တာလဲ ခင်ဗျ။

ဖြေ ။ ။ အဲဒီ သတင်းတွေဟာ Opposition မီဒီယာ တစ်ခုရဲ့ Follow up တွေဖြစ်ပါတယ်။ အဲဒီ မီဒီယာတွေက ဒါမျိုးတွေ လုပ်နေကျ ဖြစ်တော့ ကျွန်မတို့မှာ ရိုးနေပါပြီ။ အခုဟာက ပြည်တွင်း မီဒီယာ တစ်ခုပေါ်မှာ တွေ့လိုက်ရလို့ နည်းနည်းတော့ အံ့သြသွားပါတယ်။
မေး။ ။အဲဒီလို ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ တုံ့ပြန် ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ ကျွန်မတို့ကို Opposition မီဒီယာ တွေက ဒီလိုပဲ Frame လုပ်နေကျ ဖြစ်လို့ ရိုးနေပါပြီ။ ကိုယ့်တာဝန် ကိုယ်ယူကြေးလို့ပဲ သဘောထား ပါတယ်။ အခုကိစ္စမှာ မြန်မာပို့စ်ဟာ တရားဝင် ထုတ်ဝေနေတဲ့ သတင်းစာစောင် ဖြစ်တယ်။ ဒေါက်တာဖုန်းဝင်းဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံဖို့ ပြင်ဆင်နေသူ ဖြစ်တယ်။ သူတို့ ဒီကိစ္စ မှားသွားတာ ဘယ်လို တာဝန်ယူသလဲ စောင့်ကြည့် ကြတာပေါ့။

မေး။ ။ဒီလိုရေးသား စွပ်စွဲတာမျိုးကို တရားဥပဒေ ကြောင်းအရ အရေးယူ ဆောင်ရွက်ဖို့ကော မရှိဘူးလား ခင်ဗျ။

ဖြေ ။ ။ ကျွန်မတို့ အနေနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ကိုသာ လိုလားတာ ဖြစ်လို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများရဲ့ မဟုတ်မမှန် စွပ်စွဲချက် တိုင်းကို Negative Response ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။

မေး။ ။ကျွန်တော် သေချာအောင် ပြန်မေးပါရစေ။ ဒီအစည်းအဝေးကို ဆရာမ တို့ဆီက လုံးဝ တစ်ယောက်မှ မသွားဘူးနော်။ မြန်မာနိုင်ငံက ဘယ်သူ သွားသလဲ ခင်ဗျ။

ဖြေ ။ ။ ကျွန်တော်တို့ဟာ ဒီအစည်းအဝေးကို စီစဉ်သူတွေ ထဲမှာလည်း မပါဘူး။ တက်ရောက် သူတွေထဲမှာလည်း မပါဘူး။ အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်လေ။ တက်ရောက်သူဟာ ဒေါက်တာ ခင်ဇော်ဝင်းသာ ဖြစ်ပါတယ်။ ဒေါက်တာခင်ဇော်ဝင်း ဟာ IDE လည်း မဟုတ်ဘူး။ Egress လည်းမဟုတ်ဘူး။ မြန်မာပို့စ်နဲ့ ဒေါက်တာဖုန်းဝင်းတို့ အနေနဲ့ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်ပြီးမှ ပြောဆို သင့်ပါတယ်။

၀၃ . ၁၂ . ၂၀၁၀ © The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats