အင်းလေးကန် ထိန်းသိမ်းရေး အတွက် ဂျပန်နိုင်ငံမှ စေတနာရှင် တစ်ဦးက သဘာဝ သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေး အသင်းသို့ အမေရိကန် ဒေါ်လာ တစ်သန်း လှူဒါန်းသည် ဆိုခြင်းမှာ မဟုတ်ကြောင်း အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။
"အမှန်က ကျွန်တော့ဆီကို Japan International Cooperation Agency က Program Director Ms Miwa Ito လာရင်း နဲ့ အင်းလေးကန် ထိန်းသိမ်းဖို့ ဘယ်လောက် လိုလဲလို့ မေးတာကို ကျွန်တော်က ဒေါ်လာ ငါးသန်းလောက် လိုချင်တယ် ဆိုလို့ သူ့ အဖွဲ့ အစည်းကို ပိုက်ဆံ လျှောက်ခိုင်း တာပါ။ အခုမှ လျှောက်ဖို့ ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်"ဟု ဦးအုန်းက ပြောသည်။
"FREDA အနေနဲ့တော့ အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ လုပ်ဆောင် နေတာ အခု မရှိသေး ပါဘူး။ ဂျပန်ကို အဲဒီဒေါ်လာ တစ်သန်း လျှောက်ဖို့ လုပ်နေတာပဲ ရှိပါတယ်။ အဲဒါ ရရင်တော့ လုပ်ဆောင် သွားဖို့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇွန်လဆန်းက အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပနိုင်ရေး အတွက် ဦးအုန်းက စီစဉ်ခဲ့ပြီး ၎င်း အလုပ်ရုံ ဆွေးနွေးပွဲသည် အောင်မြင် ခဲ့သည့် အတွက် ၀မ်းသာရကြောင်း ဦးအုန်းက ပြောသည်။
အဆိုပါ ဆွေးနွေး ပွဲ၏ ရလဒ် အဖြစ် အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ပြန်လည် ပြုပြင် ထိန်းသိမ်းရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်း နိုင်ခဲ့ပြီး အင်းလေးကန်ရှိ ဟိုတယ် လုပ်ငန်းရှင် များက အဆိုပါ ကော်မတီကို အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ကျပ်သိန်း ၆၆၀ လှူဒါန်း ခဲ့ကြောင်း ဦးအုန်းက ပြောကြားသည်။
အင်းလေးကန် သည် မြန်မာ နိုင်ငံတွင် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန် ပြီးလျှင် ဒုတိယ အကြီးဆုံး ကန်ဖြစ်ပြီး နိုင်ငံခြား ခရီးသွား များ စိတ်ဝင်စားရာ နေရာ တစ်ခုဖြစ်သည်။ အင်းလေးကန်ရှိ အင်းသားများ နှင့် ကျွန်းမျောများ ပေါ်တွင် ခရမ်းချဉ်သီး စိုက်ပျိုးခြင်း များမှာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင် နိုင်သည့် အင်းလေးကန်၏ ထူးခြားချက် ဖြစ်သည်။
အင်းလေးကန် ၀န်းကျင်တွင် သစ်တောများ ပြုန်းတီးခြင်း၊ ကန် အတွင်း ကျွန်းမျောများ ပေါ်တွင် ခရမ်းချဉ်သီး စိုက်ပျိုး ရာတွင် သုံးသော ဓာတု ဆေးဝါးများကြောင့် အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် ပျက်စီး လာလျက် ရှိကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၆ . ၁၀ . ၂၀၁၀
|

0 comments:
Post a Comment