မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အမှတ် - ၁ ချစ်ကြည်ရေး တံတားမှ ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးသော ကောင်တာတွင် ဥပဒေမဲ့ မတရားသဖြင့် ငွေကြေးများ ကောက်ခံခြင်း များကြောင့် ခရီးသွား ပြည်သူများ မကျေနပ် ဖြစ်နေ ကြသည်။တာချီလိတ်မြို့ ၊ အမှတ် ၁ ချစ်ကြည်ရေး တံတားမှ တစ်ဖက် နိုင်ငံ မယ်ဆိုင် မြို့သို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက် ကြသော မြန်မာ တိုင်းရင်းသား များအား ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးသည့် ကောင်တာတွင် တာဝန်ကျ လူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်း လက်ထောက် လ၀ကမှူး ဦးထွန်းထွန်းဝင်း နှင့် အဆင့်တူ ဇနီးဖြစ်သူ ဒေါ်ခိုင်သီသီကျော် တို့မှာ အကြောင်း အမျိုးမျိုးပြပြီး ငွေကြေး တောင်းခံ နေကြောင်း ကိုယ်တိုင် ကြုံခဲ့ ရသည့် ဒေသခံ ၂ ဦးက ပြောသည်။
မြန်မာ နိုင်ငံမှ တရားဝင် ထုတ်ပေး ထားသော မှတ်ပုံတင်များ ဖြစ်သည့် မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္ဒီ၊ ကျောက်မဲ နှင့် သီပေါ မှတ်ပုံတင်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မည်သည့် မှတ်ပုံတင် မဆို ရှမ်းပြည်နယ် တောင်ပိုင်းမှ မှတ်ပုံတင်များ ဖြစ်သည့် တောင်ကြီး၊ ကွန်ဟိန်း၊ နမ့်စမ်၊ လွိုင်လင် မှတ်ပုံတင်များ၊ သံလွင် အရှေ့ခြမ်း မှ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းဆက် မှတ်ပုံတင်များကို သိမ်းဆည်း ထား၍ မှတ်ပုံတင်အား ယူဆောင် သွားမည် ဆိုပါက ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးရန်ခ အဖြစ် ကျပ်ငွေ ၅၀၀ အစိုးရ သတ်မှတ် ထားသည်။
မယ်ဆိုင်မြို့သို့ ဈေးဝယ်ရန် လာခဲ့သည့် ဒေသခံ အမျိုးးသား ကိုအိုက်နောင်း က “ ဗမာ စကား ပြောတတ်တဲ့ ဗမာလူမျိုး ဆိုရင်တော့ သူတို့ ပုံမှန် အတိုင်း ကျပ်ငွေ ၅၀၀ ပဲ ယူပါတယ်။ ဒီနယ်က တိုင်းရင်းသားတွေ ဆိုရင် ထိုင်းဘတ်ငွေ ၂၀၀ ဘတ်မှ ၅၀၀ ဘတ် အထိ တောင်းပါတယ်။ မပေးရင် ဖြတ်ကျော်ခွင့် လက်မှတ် လုပ်မပေးဘူး။ လုပ်ပေး ပြန်တော့လည်း ဒီလူတွေမှာ ပါလာတဲ့ မှတ်ပုံတင်ကို ကိုင်ဆောင်ပြီး ယူသွားခွင့် မပြုပြန်ဘူး။ မြန်မာပြည် မှာက သိတဲ့ အတိုင်းပဲလေ မှတ်ပုံတင် တစ်ခုရဖို့က လွယ်တာမှ မဟုတ်တာ၊ ကိုယ်နဲ့ မကွာယူသွားချင် တော့လည်း ပေးခဲ့ရတာပဲ” ဟုပြောသည်။
မတရား သဖြင့် ကောက်ခံပြီးငွေ မပေးနိုင် ပါက မှတ်ပုံတင်အား သိမ်းယူထားခြင်း နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်မပေးခြင်း ၊ ကြိမ်းမောင်း ပြောဆို၍ ၀န်ထမ်း တစ်ယောက်၏ လုပ်ပိုင်ခွင့် စည်းမျဉ်းအား ကျော်လွန်ပြီး မိမိ ကိုယ်ကျိုး စီးပွား အတွက် တိုင်းရင်းသား ပြည်သူ များအား ဥပဒေမဲ့ စွာဖြင့် ပြုမူ ဆောင်ရွက် ငွေကြေး တောင်းခံ နေခြင်း ဖြစ်ကြောင်း ကိုယ်တွေ့ ကြုံနေရသူ များက ပြောဆို ကြသည်။
ချစ်ကြည်ရေး တံတား ကောင်တာ A , B , C , D ရှိသည့် အနက် ကောင်တာ (A) တွင် တာဝန် ထမ်းဆောင် နေသော လက်ထောက် လ၀ကမှူး ဒေါ်ခိုင်သီသီကျော်၏ ကောင်တာ တွင် လက်ထောက် လ၀ကမှုး ဦးထွန်းထွန်းဝင်း သည် အထက် ဖော်ပြပါ နည်းအတိုင်း တိုင်းရင်းသား များအား မတရားသဖြင့် ငွေကြေးများ ကောက်ခံ နေကြောင်း သိရှိ ရသည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ကိုတိုင် ကြုံခဲ့ရသည့် တောင်ကြီးမြို့ က မအေမိုင်က “ သမီး အမတွေ ရှိတဲ့ မယ်ဆိုင် ဖက်ကို ကူးဖို့  အတွက် နယ်စပ် ဖြတ်ကျော်ခွင် စာအုပ် လုပ်တော့ ဘတ် ၄၀၀ တောင်းပါတယ်။
သမီးက မပေးနိုင်လို့ ပြောတော့ ဘတ် ၂၀၀ ပေးခဲ့ ရပါတယ်ရှင်၊ အမဆီကို တစ်နေ့ အလည် သွားချင်လို့ လာခဲ့ တာပါ မနက် သွားပြီး ည ပြန်လာတာပါ”ဟု ပြောသည်။ ကောင်တာ (A) တွင် တာဝန် ထမ်းဆောင် နေသော လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် လက်ထောက် လ၀ကမှုး ဦးထွန်းထွန်းဝင်း သည် အကြင် လင်မယား ဖြစ်ကြောင်း သိရှိ ရ၍ ထို လ၀ကမှုး ဦးထွန်းထွန်းဝင်း လက်ရှိ တာဝန်ကျ နေသော နေရာသည် အမှတ် - ၁ ချစ်ကြည်ရေး တံတား အပေါ် ထိုင်း အ၀င် / ထွက် ဖြစ်ပြီး ၄င်းနှင့် မသက်ဆိုင်သော ယာယီ နယ်စပ် ဖြတ်သန်းခွင့် ကောင်တာ (A) တွင် ငွေကြေး ရလိုမှုကို ဦးတည်ပြီး ဇနီး ဖြစ်သူ လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် ပူးပေါင်း၍ မိမိ ကိုယ်ကျိုး စီးပွား အတွက် ဥပဒေမဲ့ မတရား သဖြင့် ငွေကြေး များကို ကောက်ခံ နေကြောင်း တွေ့မြင် သိရှိရ ပါသည်။
လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် ၄င်း၏ ခင်ပွန်း ဦးထွန်းထွန်းဝင်း သည် ပိုမို ဆိုးဝါး စွာဖြင့် လက်မှတ် ထုတ်ပေးရာ ကောင်တာ (A) တွင် နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် လာလုပ်သော တာချီလိတ် မှတ်ပုံတင် အပါအ၀င် မည်သည့် နယ်မှ မှတ်ပုံတင် မဆို ကွန်ပျူတာ ထဲတွင် မှတ်တမ်း မရှိသော မှတ်ပုံတင် များကို ထိုင်းငွေ ၅၀ ဘတ် မှ ၁၀၀ ဘတ် အထိ ထပ်မံ၍ ကောက်ခံ နေသည်။
၎င်းတို့၏ ဖြေရှင်း ချက်မှာ ကွန်ပျူတာထဲသို့ စာရင်းသွင်းခ ဟူ၍ လုပ်ပိုင် ခွင့်ကို အကြောင်းပြ ခုတုံး လုပ်၍ မသိ နားမလည်သော တိုင်းရင်းသား များအား မတရား သဖြင့် ငွေကောက်ခံခြင်းကို တွေ့ရှိနေသည်။ ၄င်းဝန်ထမ်း နှစ်ဦးသည် တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနတွင် နှစ်ပေါင်း များစွာ တာဝန် ထမ်းဆောင် နေပြီး ဥပဒေကို အကြောင်းပြ ခုတုံး လုပ်ပြီးမ ည်သို့ ငွေရှာ ရမည်ကို သိရှိ၍ မသိ နားမလည်သော တိုင်းရင်းသား များအား လ၀က ယူနီဖောင်း ၀တ်၍ ဥပဒေမဲ့ ခြိမ်းခြောက် ငွေတောင်းခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
တာချီလိတ်မြို့ မှ နေချင်းပြန် အလုပ်သမားများမှာ တံတားပေါ်မှာ ဖြတ်ကျော်ခ ဘတ် ၄၀ ပေး ရသည်။ အဆိုပါ ချစ်ကြည်ရေး တံတား ပေါ်မှ နေ့ စဉ် လူပေါင်း ၂၀၀၀ ကျော်ခန့်  ဖြတ်ကျော် နေကြကြောင်း သိရှိ ရပါသည်။
၂ . ၉ . ၂၀၁၀
|

0 comments:
Post a Comment