နိုင်ဂျီးရီးယား ဝန်ကြီး၏ သားဆိုကာ မြန်မာ နိုင်ငံသား လုပ်ငန်းရှင် တစ်ဦးထံမှ ငွေကျပ်သိန်း ၁၀၀ လိမ်လည် ခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသားအား ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ဂျီးရီးယား နိုင်ငံသား ဆော်လမွန် (ဘ) အကင်တိုလာ အား ပြစ်မှုဆိုင်ရာ ဥပဒေ ၄၂၀ အရ အလုပ် နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် နှင့် ယင်းအား ရန်ကုန်မြို့ လမ်းမတော်မြို့နယ် တရားသူကြီးရုံးက ဇူလိုင် ၁၃ ရက်တွင် အမိန့် ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် နေထိုင်သူ ဦးဇယ်ဒေါင် (ခ) အားဆာထံသို့ မိဘမဲ့ ကလေး ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအာဒီးချယ် နှင့် နိုင်ဂျီးရီးယား နိုင်ငံသား ဆော်လမွန် နှင့် မွန်ဒေး တို့သည် ဇွန် ၄ ရက်တွင် ရောက်ရှိ လာပြီး အဆိုပါ နိုင်ငံခြားသား နှစ်ဦးသည် မိဘမဲ့ ကျောင်းသို့ အမေရိကန် ဒေါ်လာ နှစ်သိန်း လှူမည် ဖြစ်ပြီး ရွှေ လုပ်ငန်းရှင်များ ဖြစ်ကြောင်း ဦးအာဒီချယ်က ဦးဇယ်ဒေါင် ထံသို့ မိတ်ဆက် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနိုင်ငံခြားသား နှစ်ဦးသည် လက်ရှိ အချိန်တွင် ငွေပြတ်သွား သဖြင့် ငွေကျပ် သိန်း ၁၀၀ ချေးရန် ဦးဇယ်ဒေါင်အား အကူအညီ တောင်းခံပြီး ဇွန် ၇ ရက်တွင် ပြန်ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးဇယ်ဒေါင်က ငွေသိန်း ၁၀၀ အား ဆော်လမွန် နှင့် မွန်ဒေးတို့အား ပေးအပ်ခဲ့ပြီး ယင်းတို့၏ ခရီးဆောင် အိတ်ကို ဦးဇယ်ဒေါင်းထံတွင် အပ်နှံခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယင်းနိုင်ငံခြားသား နှစ်ဦးတည်းခိုသော နယူးလိုက် ဟိုတယ်သို့ ဇွန်လ ၇ ရက်တွင် သွားရောက် စုံစမ်းရာ ယင်းတို့ နှစ်ဦးသည် ဇွန်လ ၅ ရက်ကတည်းက ထွက်ခွာသွားပြီ် ဖြစ်ကြောင်း သိရသည့် အတွက် မြစ်ကြီးနားမြို့အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ထိုမှတစ်ဆင့် လမ်းမတော်မြို့နယ် ရဲစခန်းသို့ ပြောင်းရွှေ့ကာ တရားခံပြေး ဆော်မွန် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၄၀၆/၄၂၀ အရ အမှု စွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦး နှင့် ဦးအာဒီးချယ် သည် မန္တလေး ဘူတာကြီးတွင် စတင်တွေ့ဆုံ သိကျွမ်း ခဲ့ခြင်းဖြစ်ကာ ယင်းတို့ နှစ်ဦးသည် ရွှေလုပ်ငန်းရှင်များ ဖြစ်ကြောင်း၊ ရွှေလုပ်ငန်းကို မြန်မာ လုပ်ငန်းရှင်များ နှင့် အကျိုးတူ လုပ်ကိုင် လိုကြောင်း၊ ရွှေနှစ်သန်းဖိုး ဝယ်မည် ဖြစ်ကြောင်း ပြော၍ယင်း၏ မိတ်ဆွေ ဦးဇယ်ဒေါင်နှင် မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးအာဒီချယ်၏ တရားရုံးတော်တွင် ထွက်ဆိုချက်များ အရသိရသည်။ အဆိုပါ တရားခံပြေးများကို ဇွန် ၁၄ ရက်တွင် နှစ်ခြင်း ခရစ်ယာန် အစည်းဝေး တက်ရန် ရန်ကုန်သို့ ရောက်စဉ် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်း၌ တွေ့ရှိ၍ လိုက်ဖမ်းသော အခါ ဗဟိုစည် ဆေးရုံဘက်သို့ အတင်း ထွက်ပြေး သွားသဖြင့် အနီးရှိ ရဲများထံသို့ ဦးအာဒီချယ်က အကူ အညီတောင်း၍ ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ်တွင် နိုင်ဂျီးရီးယား လူမျိုးဆော်လမွန်က ယင်းအား တန်ပြန်၍ ဒေါ်လာတစ်ထောင် အပ်နှံ ထားသည်ကို ပြန်မပေးသူဟု စွပ်စွဲခဲ့ကြောင်း၊ ဆော်လမွန်က ယင်းသည် နိုင်ဂျီးရီးယား အစိုးရ အဖွဲ့တွင် အရေးပါသူ တစ်ဦးဟု စတင် တွေ့ဆုံ စဉ်က ပြောကြား ခဲ့ကြောင်း ဦးအာဒီးချယ်၏ ရုံးတော်တွင် ထွက်ဆိုချက်များ အရ သိရသည်။ ထို့နောက် ဆော်လမွန် အဖမ်းခံရသော အခါ မွန်ဒေးသည် တည်းခိုရာ ဟိုတယ်သို့ ပြန်မလာတော့ကြောင်း ဟိုတယ်မှ ဦးမင်းထွန်း၏ ရုံးတော်တွင် ထွက်ဆိုချက်များ အရ သိရသည်။ အဆိုပါ အမှုမှ ငွေလိမ်ခံခဲ့ ရသော ဦးဇယ်ဒေါင်မှာ ရွှေကျင်လုပ်ငန်း၊ သစ်မွှေး စိုက်ပျိုးသော လုပ်ငန်းများကို လုပ်ကိုင်သူ ဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။
၁ . ၉ . ၂၀၁၀
|

0 comments:
Post a Comment