Navigation - link to other main sections from here


ဘဒ္ဒဝတီ ဆင်ဖြူတော် ဖမ်းမိပုံ နှင့် ပတ်သက်၍ ကိုယ်တွေ့ ဖြစ်ရပ် အချို့


ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ မောင်တော မြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာ အနီး၌ ဖမ်းဆီး ရရှိ ခဲ့သော ဆင်ဖြူတော်ကို ၎င်းခရိုင် သစ်တော ဦးစီးဌာန ၌ ယဉ်ကျေး လိမ္မာလာ စေရန် လေ့ကျင့် ပေးလျက် ရှိရာ ပုံမှန်ထက် ပို၍ လျင်မြန်စွာ ယဉ်ကျေး လာသည်ဟု ဆင်ဖြူတော် လေ့ကျင့် ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။ "အခု ဆိုရင် သူ့ ခေါင်းပေါ်ကို လူစီးလို့ ရနေ ပါပြီ။ ကြိုး အလွတ်နဲ့ကို လမ်းလျှောက်လို့ ရပြီ။ အစာလည်း လာတောင်း တတ်နေပြီ။ လူတွေ့ တာနဲ့ အစာ တောင်းတော့ တာပဲ။ သူ့ ကိုယ်လုံးကို ပွတ်သပ် ခံတယ်၊ နှာမောင်း တွေကို ကိုင်တွယ်လို့ ရတယ်။ ရန်မမူဘူး။ အခုလို ယဉ် ကျေးအောင် လေ့ကျင့်ဖို့ သာမန် ဆင်တွေ အတွက် အနည်းဆုံး လေးလလောက် အချိန်ယူ ရတယ်။

"အခု လေ့ကျင့် ပေးတဲ့ နည်းက အပြစ် ပေးတဲ့နည်း မဟုတ်ဘူး၊ လူ နဲ့ နီးကပ်ပြီး ချော့မော့ပြီး ယဉ်ပါး စေတဲ့ နည်းပါ။ မြန်မာ့ သစ်လုပ်ငန်း ဆင်ဦးစီး အဖွဲ့ တွေက ခန္တီးရှမ်း ဘာသာ စကားနဲ့ ဆင်ချော့ သီချင်းနဲ့ ချော့ပြီး လေ့ကျင့် ပေးကြတယ်" ဟု ၎င်းက ပြောသည်။

အရပ် ခုနစ်ပေ၊ လေးလက်မ မြင့်ပြီး ရှေ့လက် တစ်ဖက် လက်ချောင်း ငါးချောင်းစီ၊ နောက်ခြေ တစ်ဖက် ခြေချောင်း လေးချောင်းစီ ရှိကာ 'တံခါးပိုက်' အမျိုးအစား အမြီးကို ပိုင်ဆိုင်သော ထို ဆင်ဖြူတော် ၏ မျက်လုံးမှာ ပုလဲရောင် ဖြစ်ကြောင်း၊ ခန့်မှန်း အသက် ၃၅ နှစ် မှ ၃၈ နှစ် ၀န်းကျင် ရှိပြီး တစ်ကိုယ်လုံး ပန်းနုရောင် ရှိကြောင်း နှင့် မောင်တောမြို့နယ်တွင် စတုတ္ထ အကြိမ်မြောက် ရရှိသော ဆင်ဖြူတော် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း မှတ်တမ်းများ အရ သိရသည်။

"ဒီ နယ်မြေမှာ ဆင်ဖြူတော် ရတာ ဒါနဲ့ ဆိုရင် လေးစီးမြောက် ရှိပါပြီ။ ရခိုင်ပြည်နယ်၊ မယူ တောင်တန်း မှာပဲ ၂၀၀၄ ခုနှစ် မတိုင်ခင်က အထီး တစ်စီး၊ အစ်မ နှစ်စီး ရခဲ့ ပါတယ်။ အခု အမ တစ်စီး ကတော့ ရခဲ့ဖူးသမျှ ထဲမှာ အဖြူဆုံးပဲ။ အမွေးက အစ ဖြူတယ်။ ခန္ဓာကိုယ် တစ်ခု လုံးမှာ မည်းတဲ့ နေရာရယ်လို့ မရှိဘူး" ဟု မြန်မာ့ သစ်လုပ်ငန်း ဦးစီး ဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

"ဖမ်းမိ ခါစတုန်း ကတော့ ဆင်ဖြူတော်က နည်းနည်း ပိန်တယ်။ တော ဆင်ရိုင်း အုပ်တွေမှာ ဒီဆင်က ခေါင်းဆောင် ဖြစ်လို့ ဆင်အုပ်ကို အချိန်ပြည့် စောင့်ရှောက် ရတဲ့ အတွက် အစာ ကောင်းကောင်း မစားရလို့ ပိန်တဲ့ သဘောပါ။ အခုတော့ ဦးခေါင်း ပိုင်းပါ အသား ပြည့်လာ ပြီး အတော်ကြည့် ကောင်းလာ ပါပြီ။ ဆင် ဆရာဝန် တွေကလည်း ဆီး ၀မ်းက အစ အမြဲ ဂရုစိုက် ကြတော့ ကျန်းမာရေး လည်း အတော် ကောင်းပါတယ်" ဟု ၎င်းက ရှင်းပြခဲ့ပြီး ဆင်ဖြူတော် ဖမ်းမိပုံ များနှင့် ပတ်သက်၍ ကိုယ်တွေ့ ဖြစ်ရပ် အချို့ကို ဆက်လက် ပြောသည်။

ထို ဆင်ဖြူတော်သည် တော ဆင်ရိုင်း အုပ်ကို ဦးဆောင်ပြီး ဖားဝပ်ချောင်း ကျေးရွာ အနီးသို့ မနက် ၅ နာရီမှ ၉ နာရီ အတွင်း ရောက်လာလေ့ ရှိသည်ဟု ဇွန်လ ၂၀ ရက်နေ့၌ စတင် သတင်း ရရှိ ခဲ့ကြောင်း၊ ဆင်ဖြူတော် တကယ် ဟုတ် မဟုတ် သေချာ စေရန် သစ်တော ၀န်ထမ်း များအား စောင့်ကြည့် လေ့လာဖို့ ၂၁ ရက် နှင့် ၂၂ ရက် တို့တွင် စေလွှတ် ခဲ့ရာ ဆင်ရိုင်း အထီး နှစ်ကောင် နှင့် အလတ် နှစ်ကောင် တို့ကို ဦးဆောင် လာသော ဆင်ဖြူတော်အား တွေ့ရကြောင်း၊ ထို့ကြောင့် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက် နေ့ တို့တွင် ၎င်း ဆင်ဖြူတော် ထွက်မပြေး နိုင်စေရန် လုံခြုံရေး စည်းများ စီစဉ်ထား ရှိခဲ့ကြောင်း၊ ဖမ်းပြီးသည့် အခါ ထားရှိမည့် နေရာ၊ ပုခက် နှင့် အဆောက် အအုံ များကို အဆင်သင့် ပြုလုပ် ကြပြီး ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် ဆင်ဖမ်း အဖွဲ့ ထွက်ခွာခဲ့ ကြကြောင်း ၎င်းက ပြောသည်။

"ဆင်ပစ် သေနတ် နဲ့ မေ့ဆေးက ဆင်ရဲ့ ကိုယ်ခန္ဓာ အချိုး အစားကို ကြည့်ပြီး ကြိုတင် စပ်ယူထားပြီး သားပါ။ ထူးခြားတဲ့ အချက်က ဆင်ဖြူတော်ကို မေ့ဆေး သေနတ်နဲ့ ပစ်တဲ့ အခါမှာ ပထမ သုံးချက်က ကျည် မထွက်ဘူးဗျ၊ စတုတ္ထ အချက်ကျမှ ကျည်ထွက်တယ်။ လက်ယာဘက် တင်ပါးကို မှန်တယ်။ မှန် သွားပေမယ့် အနောက်ဘက် တောင်ကြောပေါ် တက်ပြေးနိုင် သေးတယ်။ ပြီးတော့မှ မြေပြန့် လေးရောက်တော့ လဲကျသွားတယ်။ ကျန်တဲ့ ဆင်ရိုင်းတွေ ကပ်လာကြ သေးလို့ ခြောက်လှန့် လွှတ်လိုက် ရသေးတယ်" ဟု ဆင်ဖမ်း ရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူက ရှင်းပြသည်။

မေ့နေသော ဆင်ဖြူတော် ၏ ခြေလက် တို့ကို မပွန်းပဲ့ စေရန် ပလတ်စတစ် စွပ်ထားသော ဆင်ချည် ကြိုးတို့ ဖြင့် ချည်နှောင်ကာ မေ့ဆေး ဖြေဆေး ထိုးအပြီး ငါးမိနစ်ခန့် တွင် ဆင်ဖြူတော်သည် မတ်တတ် ထရပ်ကာ အနည်းငယ် ရုန်းကန်ခဲ့ သေးကြောင်း၊ နံဘေးတွင် အသင့် စောင့်ထားသော သွန်ဂျီဆင် စွယ်စုံ အထီး ခြောက်ကောင်က ချော့ကာ ထိန်းကာဖြင့် လေ့ကျင့်ရေး စခန်းသို့ ခေါ်ဆောင် လာခဲ့ရာ အကြည် အသာပင် လိုက်လာ ခဲ့ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ် တွင်လည်း ဖော်ပြထား ပါသည်။

၁၂ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats