ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ အနေဖြင့် အထပ်မြင့် အဆောက် အအုံများ တည်ဆောက် ရာတွင် အလွှာ တစ်လွှာချင်းစီ အလိုက် စစ်ဆေးမှု ခံယူပြီးမှ သာလျှင် ဆက်လက် ဆောက်လုပ်ခွင့် ရရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်း ရှင်များထံမှ သိရသည်။ ထို့ပြင် အထပ်မြင့် အဆောက် အအုံ များတွင် လိုအပ်သော အရေးပေါ် လှေကားများ အပြင် ငလျင်ဒဏ် အစရှိသည့် သဘာဝ ဘေးအန္တရာယ် များကို ခံနိုင် စေရန် စံချိန် စံညွှန်း နှင့် အညီ တည်ဆောက် သွား ရမည်ဟု သိရသည်။ “ အခု နောက်ပိုင်း အထပ်မြင့် တိုက်ခန်းတွေ ဆောက်လုပ်ရင် ပိုသတိထား ရတယ်။ သံချည် သံကွေး စနစ်ထဲက လာရောက် စစ်ဆေးတယ်။ သက်ဆိုင်ရာ အင်ဂျင်နီယာ ဌာနက ခွင့်ပြုမိန့် ကျမှ(ဆလပ်) ကွန်ကရစ် လောင်းခွင့် ရှိတယ် ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “နောက်ပိုင်း ဆောက်လုပ်တဲ့ တိုက်ခန်းတွေမှာ စနစ်တကျနဲ့ အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်တဲ့ အတွက် အလွန်ကောင်း ပါတယ်။ ဝယ်ယူ နေထိုင်မယ့် သူတွေ အတွက်လည်း ပေးဝယ်ရမယ့် ငွေပမာဏနဲ့ တန်အောင်နေရမယ်။ ပိုပြီးတော့လဲ စိတ်ချသွားရတာပေါ့။ တချို့ ကန်ထရိုက်တွေ ဆောက်သွားတာ ဖြစ်သလိုနဲ့ အကြမ်းထည် အတိုင်းပဲ အစ အဆုံး ကိုယ့်ဟာ ကိုယ်ပြန် ပြင်ရတာ ရှိတယ်။ လေတိုက် ရင်တောင် စိုးရိမ်နေ ရတယ် ” ဟု အလုံမြို့နယ်တွင် နေထိုင်သူ ဦးချိုက ပြောသည်။ ယင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းများကို သတ်မှတ် ချက်များနှင့် အညီ ဆောက်လုပ်ရန် အတွက် ကြေညာချက်ကို ယခုနှစ် ဇူလိုင်လထဲတွင် စတင် သတ်မှတ် ခဲ့ပြီး ထုတ်ပြန်ချက် များကို လိုက်နာမှု မရှိသော ကန်ထရိုက်တာ များအား ဆောက်လုပ်ခွင့် လိုင်စင် သိမ်းဆည်းခြင်း၊ အဆောက် အအုံအား ရပ်နား ခိုင်းစေခြင်း တို့ဖြင့် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှ သိရသည်ဟု ၂၀၁၀ ခုနှစ် Flower News ဂျာနယ် တွင် ဖော်ပြထား ပါသည်။
၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment