အစိုးရ စက်သုံး ဆီဆိုင် များကို လွှဲပြောင်း လုပ်ကိုင် ဖွင့်လှစ်ခွင့် ရရှိ ခဲ့သော ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များတွင် ကြိုတင်ငွေ ပေးချေ မှုစနစ် (prepaid card) ဖြင့် ရောင်းချ နိုင်ရန် စီစဉ်လျက် ရှိသည်ဟု စက်သုံး ဆီဆိုင် ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိခဲ့သူ လုပ်ငန်းရှင်များ ထံက သိရ သည်။ ဆိုင် ၁၇ လုံးကို (prepaid card) နဲ့ ရောင်းချနိုင်အောင် လုပ်သွားမှာပါ။ ဘယ်တော့ စ ရောင်းနိုင်မယ် ဆိုတာကိုတော့ ရက်အတိအကျ မပြော နိုင်သေးဘူးဟု မြန်မာ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၁၇ ဆိုင် ဖွင့်လှစ် ရောင်းချခွင့် ရရှိခဲသည့် လွယ်ဟိန်း ကုမ္ပဏီပိုင် New Day စက်သုံးဆီဆိုင် တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၈ ရက်က ပြောသည်။ထူးထရေးဒင်း ကုမ္ပဏီမှ ဖွင့်လှစ်လျက် ရှိသည့် စက်သုံးဆီဆိုင် ၁၂ ဆိုင်နှင့် Max Myanmar ကုမ္ပဏီမှ ဖွင့်လှစ်သည့် စက်သုံးဆီဆိုင် ၈ ဆိုင် တို့တွင်လည်း ကြိုတင် ငွေပေးကတ် စနစ်များဖြင့် ရောင်းချသွားရန် စီစဉ် လျက် ရှိသည်ဟု သိရသည်။ ယင်းသို့ ကြိုတင် ငွေပေးကတ် စနစ်ဖြင့် ရောင်းချရာတွင် ကုမ္ပဏီ တစ်ခုချင်းစီ အလိုက်သာ ရောင်းချ သွားမည် ဖြစ်ပြီး ဆိုင်အားလုံး ဝယ်ယူ နိုင်သော စနစ်ကို ပြုလုပ်ရန် မဖြစ်နိုင် သေးကြောင်း New Day ဆီဆိုင် တာဝန်ရှိသူက ဆိုသည်။ ကုမ္ပဏီ တစ်ခုနှင့် တစ်ခု ငွေပေးငွေယူ ရှင်းတမ်းများ ပြုလုပ်ရန် ခက်ခဲမှုနှင့် ပေါက်ဈေး အနည်း ငယ် ကွာခြားမှုတို့ကြောင့် ဆီဆိုင် အားလုံး ကွန်ရက် ချိတ်ဆက် ထားသည့် ကြိုတင် ငွေပေးချေမှု စနစ် ပြုလုပ်ရန် မဖြစ် နိုင်ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
ပေါက်ဈေးက ဘယ်လိုရှိမလဲ။ နောက်ပြီး ဘယ်လို ဆီကွာလတီ အမျိုးအစားကို တင်သွင်းခွင့် ပြုမှာလဲ။ ဒေါ်လာဈေး။ အဲဒါ တွေပေါ် မူတည်ပြီး နေ့စဉ် ဈေးနှုန်း ဖြစ်ပေါ်နေမှာပဲဟု ၄င်းက ဆိုသည်။ ပုဂ္ဂလိက ဆီဆိုင်များသည် အချင်းချင်း ဈေးညှိရောင်းသည့် ပုံစံမျိုး မဟုတ်သော်လည်း ဆီဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်း တူသွားနိုင်ကြောင်း၊ ယင်းသို့ ဈေးနှုန်း တူပါက ဆိုင်တည်ရသည့် နေရာ ဝန်ဆောင်မှု ပေးနိုင်စွမ်းနှင့် အရည်အသွေးပေါ် မူတည်၍ ပြိုင်ဆိုင် ရောင်းချရမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယခင် အစိုးရ စက်သုံးဆီ ဆိုင်များ ဓာတ်ဆီ တစ်ဂါလန် ၂၅၀ဝ ကျပ်နှင့် ဒီဇယ် တစ်ဂါလန် ၃၀ဝ၀ ကျပ် ရောင်းချ ပေးခဲ့ပြီး ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ သည်လည်း အစိုးရ ပေါက်ဈေး နည်းတူ ဓာတ်ဆီ တစ်ဂါလန် ၂၅၀ဝ ကျပ်နှင့် ဒီဇယ်ဆီ တစ်ဂါလန် ၂၈၅၀ ကျပ်နှင့် ၂၉၀ဝ ကျပ် အသီးသီး ရောင်းချလျက် ရှိသည်ကို တွေ့ရသည်။ အစိုးရ စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ က လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့ပြီး ဇွန် ၁၁ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။ ပုဂ္ဂလိက ဓာတ်ဆီဆိုင် ဖွင့်လှစ် ရောင်းချခွင့် ရခဲ့သည့် ကုမ္ပဏီ ၂၀ မှာ ရွှေသံလွင်၊ ထူး၊ ဧဒင်၊ အဏ္ဏဝါလွှမ်း၊ မက်စ်မြန်မာ၊ Fisheries and Marine Product 2000 Limited၊ IGE၊ ဧရာရွှေဝါ၊ မြတ်မေတ္တာမွန်၊ နီလာရိုးမ၊ ရွှေတောင်၊ ဂရင်းအေး ရှား၊ ကေတုမတီ၊ ယုဇန၊ မြန်မာ့စီးပွားရေးဦးပိုင်၊ ဇေကမ္ဘာ၊ ဒဂုံအင်တာနေရှင်နယ်၊ ကောင်းဇော်ဟိန်း၊ ပြည်ခိုင်ဖြိုး၊ မြန်မာ နိုင်ဂရုပ်တို့ ဖြစ်သည်။
၂၇ . ၇ . ၂၀၁၀
|

0 comments:
Post a Comment