Navigation - link to other main sections from here


ရွေးကောက်ပွဲဝင် နိုင်ငံရေး သမားများ ဥပဒေပြုရေး ပိုင်းကို ဦးစားပေး လုပ်ဆောင် ကြမည်ဟုဆို


မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဦးဆုံး ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး သမားများ အနေဖြင့် ရွေးကောက် ပွဲတွင် အရွေးချယ် ခံရပါက အုပ်ချုပ်ရေး အာဏာအား မျှော်မှန်းခြင်း မရှိဘဲ ဥပဒေပြုရေး ပိုင်းကိုသာ ဦးစားပေး လုပ်ဆောင် ကြဖွယ် ရှိကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး သမား အချို့က ပြောကြား သည်။ ''အသစ် ပြဋ္ဌာန်းဖို့ ပြုစုထားတဲ့ ဥပဒေတင် ၅ဝ ကျော် ရှိပါတယ်။ ပြင်ဆင် ရမယ့် ဥပဒေတွေ ရှိသလို ခေတ် အခြေ အနေနဲ့ မကိုက်ညီလို့ ပယ်ဖျက်ရမှာတွေ အများကြီး ရှိပါတယ်''ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ပြောကြား သည်။

အုပ်ချုပ်ရေး အာဏာအား အပြည့် အဝ ကျင့်သုံးခွင့် ပေးအပ် ထားသော နိုင်ငံတော် သမ္မတ ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် မဲအများစုဖြင့် ရွေးချယ် တင်မြှောက်မည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် အရပ်သား လွှတ်တော် ကိုယ်စားလှယ် ၄၉၈ ဦး နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန် ခန့်အပ်မည့် လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၆၆၄ ဦးဖြင့် ဖွဲ့စည်း မည်ဖြစ် ကြောင်း မြန်မာ နိုင်ငံရေး ဖြစ်စဉ် များကို အစဉ် တစိုက် သုံးသပ် လေ့လာ နေသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ပါတီ အနေနဲ့ အုပ်ချုပ်ရေး အာဏာကို လတ်တလော မျှော်မှန်း ထားခြင်း မရှိပါဘူး။ အရပ်သား ကိုယ်စားလှယ် တွေရဲ့မဲက ၄၉၈ မဲ၊ တပ်မတော်သား တွေရဲ့မဲက ၁၆၆ မဲပ ရှိတယ် ဆိုတော့ နိုင်ငံတော် သမ္မတ ဖြစ်ချင်တဲ့ အဖွဲ့ အစည်း တွေက အပေး အယူ လုပ်ရ ပါမယ်။ တိုင်းပြည် ဖွံ့ဖြိုး ဖို့နဲ့ အမျိုးသား အကျိုး စီးပွား အတွက် အပေးအယူ လုပ်ရမှာပါ''ဟု လူထု ဒီမိုကရေစီ ပါတီမှ ဦးသိန်းတင်အောင်က ပြောကြားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးတွင် ဖြစ်ပေါ် လာဖွယ် ရှိသော အစိုးရ ဖွဲ့ပုံ သဏ္ဌာန်မှာ စနစ်ပြောင်း၊ လူမပြောင်း ဖြစ်နိုင်ခြေ များသော်လည်း ဥပဒေပြု လွှတ်တော်တွင် အရပ်သားများ အများစု ဖြစ်ခဲ့ပါက အမျိုးသား အကျိုး စီးပွား အတွက် ဖြစ်သင့် ဖြစ်ထိုက် သော စီးပွားရေး နှင့် လူမှုရေး ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ် နိုင်မည်ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ The Voice Weekly ၏ ပင်တိုင် ဆောင်းပါးရှင် အောင်ထွဋ်က ပြောကြားသည်။

''လွှတ်တော်တွေက ဥပဒေပြု ထားတဲ့ အချက်တွေကို အုပ်ချုပ်ရေး အာဏာက ဘေးချိတ် ထားတာမျိုး မဖြစ်ဖို့တော့ ဝိုင်းလုပ် ကြရဦး မှာပါ'' ဟု ၄င်းက ဆိုကြောင်း The Voice Weekly တွင် ဖော်ပြ ထားပါသည်။

၂ . ၅ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats