Navigation - link to other main sections from here


ဒေါ်နေရီဗဆွေ နှင့် တွေ့ဆုံခြင်း


၂ဝ၁ဝ ဧပြီ (၂၇) ရက်နေ့တွင် ဒေါ်နေရီဗဆွေ အိမ်သို့ ရောက်ခဲ့သည်။ ဒေါ်နေရီဗဆွေ သည် ၁၉၈၇ ခုနှစ်က ကွယ်လွန်သွားသော ကျားကြီး ဗဆွေ (ခ) ဦးဗဆွေ၏ သမီး တစ်ဦးလည်း ဖြစ်သည်။ ဦးဗဆွေသည် ကွယ်လွန်သူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း အား ရှေ့သို့ကြီး ပဲလည်း လုပ်မနေနဲ့ဦး။ နောက်ကိုလည်း လှည့်ကြည့်ဦး ဟုပြောဆို ခဲ့သူ ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေး အတွက် စွမ်းစွမ်း တမံ ကျရာ တာဝန်မှ လုပ်ဆောင် ခဲ့သူ ထိပ်တန်း နိုင်ငံရေးသမား စာရင်းထဲတွင်လည်း ဦးဗဆွေသည် တစ်ယောက် အပါအဝင် ဖြစ်သည်။ ဒေါ်နေရီဗဆွေသည် ဦးဗဆွေ၏ သားသမီး (၁ဝ) ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဒေါ်နေရီဗဆွေ ၏ နိုင်ငံရေး အယူအဆ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ်အမြင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ရပ်တည်မှု၊ ဘာသာရေး အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေသော ဒေါ်နေရီဗဆွေ အနေဖြင့် နိုင်ငံရေး အလုပ်ကို လုပ်သည့် အခါ ကြုံတွေ့ ရသည့် အတွေ့ အကြုံ များကို မေးမြန်းဖြစ် ခဲ့သည်။

မေး။ ။ ဒေါ်နေရီဗဆွေတို့ ပါတီ ပါတီမှတ်ပုံတင် ပြန်ကျ ပြီလား။

ဖြေ။ ။ မကျ သေးပါဘူး။ ငါးခု ကျသွားပြီ။ နံပါတ်(၁) နဲ့ (၂) ကို ကျော်ပြီး ကျန်တဲ့ ပါတီ တွေကို ခွင့်ပြုလိုက် တယ်ကြားတယ်။ အန်တီတို့ ပါတီ နံပါတ် (၃) ကိုတော့ စိစစ်ဆဲပဲလို့ ကြားတယ်။

မေး။ ။ စိစစ်ဆဲ ဆိုတော့ ပါတီ အနေနဲ့ မှတ်ပုံတင် ပြန်ကျဖို့ ရှိတယ် ထင်လား။

ဖြေ။ ။ အန်တီတို့ သဘော ပြောမယ် ဆိုရင် ထုတ်ပြန် ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေနဲ့ လွတ်ကင်းတယ် ထင်လို့ အန်တီ တို့လည်း မှတ်ပုံတင်ရဲ တာပေါ့။

မေး။ ။ အခုလို နှောင့်နှေး နေတာနဲ့ ပတ်သက် လို့ အန်တီတို့ ဘယ်သူ့ကို ဘာပြော သေးလဲ။

ဖြေ။ ။ ဘာမှ မပြောဘူး။ သူတို့ ကြေညာ ကတည်းက ပြောထား တယ်လေ။ ပါတီ ရေးရာ နဲ့ ပတ်သက်ပြီး ကိုယ့် ဘာသာကို ဖြေရှင်း ရမယ်လို့ ပါတယ်လေ။ စာရင်း အသစ် ပြောင်းမှ သူတို့တွေ ဆီ အကြောင်းကြား ဒါပဲ။ ကျန်တဲ့ ကိစ္စတွေ ကတော့

ကိုယ့်ကိစ္စ ကိုယ်ရှင်းပဲ။ သတင်းစာ အရဆို ကျန်တဲ့ ပါတီ တွေကို စစ်ဆေးဆဲ၊ စိစစ်ဆဲလို့ ကြေညာထား တာပဲ။ စောင့်ရ မှာပေါ့။

မေး။ ။ အန်တီ့အဖေ ဦးဗဆွေသာ ရှိရင် အန်တီ နိုင်ငံရေး လုပ်တယ် ဆိုတာကို ခွင့်ပြုပါ့ မလား။

ဖြေ။ ။ ဖေဖေ ကတော့ တကယ့် နိုင်ငံရေး သမား စစ်စစ်လေ။ သူတို့တွေ ကိုယ်ကျိုး မဖက် ဘဲနဲ့ စွန့်စွန့် စားစား အသက် သေသေ တိုင်းပြည် အတွက် လုပ်ခဲ့ လို့လည်း လွတ်လပ် ရေးရခဲ့ တာပဲ မဟုတ်လား။ သားသမီးထဲမှာ ဒီလိုမျိုး စိတ်ဓါတ်မျိုး ရှိခဲ့လို့

ရှိရင် လည်း သူ့အနေနဲ့ ကန့်ကွက် မယ်လို့ အန်တီ မထင် ပါဘူး။

မေး။ ။ ဒေါ်နေရီဗဆွေ တို့ ပါတီ အနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လွှတ်တော် သုံးရပ်လုံးမှာ ပြိုင်မှာလား။

ဖြေ။ ။ ရည်ရွယ်ချက်တော့ ရှိပါတယ်။ ကြိုးလည်း ကြိုးစား နေပါတယ်။ လွှတ်တော် သုံးရပ် လုံးမှာ ပြိုင် ဖို့ပါ။ ဒါပေမယ့် အခု အခြေ အနေက ပါတီ အနေနဲ့ တရားဝင် မကျ သေးတော့ ကိုယ်လုပ်ချင် သလို လုပ်လို့ မရဘူး။ ဒါပေမယ့် ကိုယ့်နည်း

ကိုယ့်ဟန်နဲ့ ကြိုးစားပြီး ကွက်ကျား ကွက်ကျား စည်းရုံး နေတာတော့ ရှိတာ ပေါ့။ ပါတီ မှတ်ပုံ တင်ကျပြီ၊ ဘောင်ထဲက လုပ်ခွင့်ရ ရင်တော့ ပွင့်ပွင်း လင်းလင်း ထိထိ ရောက်ရောက် လုပ်နိုင် မှာပေါ့။

မေး။ ။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို အဓိက ငွေကြေး ထောက်ပံ့ တာက ဒေါ်နေရီဗဆွေလား မေးလာရင် ဘယ်လို ပြန်ဖြေ မလဲ။

ဖြေ။ ။ မဟုတ် ပါဘူး။

မေး။ ။ ရွေးကောက်ပွဲ ဝင်မယ့် သူတွေက လွှတ်တော်ထဲ ရောက်မှ ပြင်စရာ ရှိတာပြင်ကြ မယ်လို့ ပြောနေတယ်။ လွှတ်တော်ထဲရောက် သွားရင်ကော ပြင်ချင်တာတွေ ပြင်လို့ ရပါ့ မလား။ ကြိုပြောကြည့် ပါဦး။

ဖြေ။ ။ အခုကတော့ ဘာမှပြင်လို့ မရသေးဘူးလေ။ အားလုံးက လွှတ်တော်ထဲရောက်မှ ဥပဒေဘောင် ထဲက လုပ်ပိုင်ခွင့် ရှိလာ မယ်လေ။ အခုကတော့ ဘယ် လို သွားပြင်မလဲ။ အော်နေလို့ ပြောနေလို့လည်း ဘောင်ထဲ ဝင်တာမ မဟုတ်တာ။ အရာလည်းမရောက် ဘူး။ တိုင်းပြည် အတွက် စေတနာ သန့်သန့်နဲ့ လုပ်ချင် ရင်တော့ ရွေးကောက်ပွဲ ဝင်ကြမှာပဲ။ ဝင်တဲ့ အခါ မှာလည်း နိုင်တဲ့သူတွေက လုပ်ပိုင်ခွင့် ရှိသွားပြီပေါ့။ ရှုံးတဲ့ သူကတော့ နောက်(၅)နှစ် ထပ်စောင့်ပေါ့။ အမတ် ဖြစ်သွားတဲ့ သူကလွှတ်တော်ထဲ ရောက်ရင် တရား ဥပဒေဘောင်ထဲက တစ်ယောက် တစ်ယောက် ညီညွတ်ပြီး လုပ်ကြ ရမှာပဲ။ ဥပဒေက ချက်ချင်းမှပြင် လို့မရတာ။ ၂၅ ရာခိုင်နှုန်း ဆိုတာကလည်း ဥပဒေကို စောင့်ရှောက်ဖို့ ထားထားတာလေ။ ဝင်သွားတိုင်း လည်းချက်ချင်း လက်ငင်းကြီး ပြင်လို့ မရဘူးလေ။ အန်တီ့အမြင်လေ။ ဖြည်းဖြည်းချင်း သွားမှ ရမှာ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက် ရဦးမယ်။ တိုင်းပြည် တိုးတက်အောင် စီးပွားရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ အားလုံးကို လုပ်ရဦးမယ်လေ။ သားလည်း ဗုဒ္ဓဘာသာ ပဲလေ။ ဘယ်အရာမှ အမြဲ ပုံသေ ဆိုတာ မရှိဘူး။ အချိန်ကာလ ပြောင်းလာသလို အခြေအနေတွေ၊ ဖြစ်ရပ်တွေ၊ လူတွေကလည်း ပြောင်းလာရတာ မဟုတ်လား။ ပြောင်းလာမှာဆိုတော့ တစ်နေ့ကျရင်ဥပဒေဆိုတာ ကလည်း ပြောင်းဖို့ဖန်တီးလာမှာပဲ မဟုတ်လား။ တစ်ကမ္ဘာလုံးမှာ အခြေခံဥပဒေ ပြောင်းလာရတယ် ဆိုတာက သဘာဝပဲလေ။ အစိုးရ တစ်ရပ် ပျက်ရင် တော့ အခြေခံ ဥပဒေကို အစကနေ ပြန်လုပ်ရတာ ပေါ့။ ထိုင်း နိုင်ငံဆိုရင် အခြေခံဥပဒေကို ဆွဲနေတာ မရေ မတွက်နိုင်တော့ဘူး။ အခြေခံ ဥပဒေကို မဖျက် ဘဲနဲ့ ပိုမိုကောင်းမွန်အောင် ပြုပြင်သွားတာတွေ လည်း ရှိတာပဲလေ။ ဖြည့်စွက် တာတွေလည်း လုပ်ကြ တာပဲ။ ဒါတွေက တစ်ချိန် ကျရင်တော့ လုပ်လာရ မှာပဲလေ။ အချိန်ကာလကိုတော့ စောင့်ရ မှာပေါ့။

မေး။ ။ လွှတ်တော် အမတ် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် အခွင့်အ ရေးက လွှတ်တော်ထဲ ရောက်သွားရင် ဘယ်လောက်လောက် ရနိုင် မယ်ထင်လဲ။

ဖြေ။ ။ ဒါက အနာဂတ် ကိစ္စ။ အခုတောင်မှ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ လူတွေ တော်တော် အံ့သြ သွားကြ တယ်လေ။ ဥပမာ အန်တီ့ အနေနဲ့ အမတ်နေရာ ရခဲ့မယ်ဆိုရင် လွှတ်တော်ထဲ ရောက် သွားရင် လုပ်ပိုင်ခွင့် ဘယ်လောက် ရှိမလဲ။ ဆွေးနွေးပိုင်ခွင့် ဘယ်လောက် အထိ ခွင့်ပြု မလဲ။ ဒါတွေက ဟိုထဲရောက်မှ သိလာမှာ။

မေး။ ။ ဒေါ်နေရီဗဆွေ ရွေးကောက်ပွဲဝင် ရခြင်း အကြောင်းရင်းကို ပြောပြ ပေးပါလား။

ဖြေ။ ။ လူဆိုတာ မွေးရာပါ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အန်တီတို့က အခုမှစရတာ။ နှစ်(၂ဝ)အတွင်းမှာ ပါတီစုံ ဒီမိုကရေစီ ဆိုတာ အခုမှ လမ်းပွင့် လာတာ။ ရွေးကောက်ပွဲ ဆိုတာ မလုပ်ခဲ့ရင်၊ မဖြစ်ခဲ့ရင် စစ်အစိုးရပဲ အုပ်ချုပ်မှာပဲ။ အပေါ်ကနေ တစ်ယောက်တည်း ဆီက အာဏာက ဆင်းသက်လာ တာ မဟုတ်လား။ ရွေးကောက်ပွဲကို စစ်တပ်ကော၊ လူထုကော ပေါင်းပြီး လုပ်တယ်။ ၂၅ ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်း ဆိုပြီး ပြောနေ တယ်လေ။ ဒါအခြေခံ ဥပဒေ မှာကို ပါနေတာ။ နဂိုထက်စာရင်တော့ အခွင့် အရေးက တော်သေးတယ် ထင်တယ်လေ။ လူထုကို စဖွင့် ပေးတာ လို့လည်း ပြောလို့ ရတယ်။ သူတို့ ၁ဝဝ ရာခိုင်နှုန်း စစ်အစိုးရ မဟုတ်တော့ ဘူးပေါ့။ ဒါပေမယ့် သူတို့ကတော့ ထိန်းတော့ နည်းနည်း ထိန်းမှာပေါ့။ ဘာဖြစ် လို့လည်းဆိုတော့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို သူတို့ စိတ်မချလို့ ဒီလို လုပ်ထားတယ် ပြောကြေညာ တာပဲလေ။ ကိုယ်ကလည်း နားလည် ပေးရ မှာပေါ့။ ဗြုန်းစားကြီး အရမ်း လွှတ်ပေး လိုက်ရင်လည်း ဘာတွေ ဖြစ်လာ မလဲဆိုတာ ကလည်း ဘယ်သူမှ ဘာမှမပြော နိုင်ဘူးလေ။ စိတ်ချရပြီဆိုတဲ့ တစ်နေ့ ကျရင်၊ ရွေးကောက်ပွဲတွေ ခဏ ခဏ လုပ်ပါ များလာရင် လည်း တဖြည်းဖြည်း ပွင့်လာမယ် ထင်တယ်။ ပထမ ရွေးကောက်ပွဲ ကတော့ လိုချင်တဲ့ဟာ၊ ဖြစ်ချင်တဲ့ဟာ ကို ချက်ချင်းကြီး လုပ်လို့ ရမှာ မဟုတ်သေးဘူးလေ။ ဖြစ်နိုင်တဲ့ အခြေ အနေကို ကိုယ် ကရပ် တည်ပြီး လုပ် သွားရမှာလေ။ လုပ်ရင်း လုပ်ရင်း ကြိုးစား သွားရင်း နဲ့ အချိန် ကာလ တွေကြာ မြင့်လာ ရင်တော့ ဖြစ်ချင် တာတွေလည်း ဖြစ်လာ မှာပါ။ ဒါကတော့ နုလုံးရည် ပေါ့လေ။ စိတ်ရှည်ဖို့တော့ လိုတာပေါ့။ ဒီလမ်းလေး ပဲပွင့် ဒီလမ်းလေးကို လျှောက်ဖို့ ရွေးချယ် ကြည့်တာ ပေါ့။

မေး။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ဒေါ်နေရီဗဆွေ ဘယ်လို ယူဆ ပါသလဲ။

ဖြေ။ ။ ဒါကတော့ အန်တီလည်း ဒိတ်ပစက္ခု ဥာဏ်မရှိတော့ ဘာတွေ ဖြစ်လာ မလဲဆိုတာ ကြိုတင် မပြောနိုင် ဘူးလေ။ တရား သဘောနဲ့ ကြည့်ရင် ဘာမှ မြဲတယ် ဆိုတာ မရှိဘူးလေ။ ဒါတွေက တိုင်းသူ ပြည်သား တွေရဲ့ ကံကြမ္မာတွေနဲ့လည်း ဆိုင်တယ်လေ။ ဒါတွေက အန်တီက တရား သဘောနဲ့ ပြောတာပါ။ ရွေးကောက်ပွဲ တစ်ခုနဲ့ တစ်ခု ကြားမှာ တော့ တဖြည်းဖြည်း ပိုကောင်း လာမယ် ထင်တယ် လေ။ အားလုံး ညီညွတ် ကြရင်တော့ သိပ်မကြာဘူး ထင်တယ်။ ညီညွတ်မှ ပြည်သာမယ် လို့တော့

ပြောကြ တာပဲ။ ညီညွတ်ရေးဆိုတာက စကားလေးသုံးလုံးပဲ ရှိတာ။ လုပ်ဖို့တော့ တော်တော် ခက်တဲ့ ကိစ္စပဲ။

မေး။ ။ NLD က ရွေးကောက်ပွဲ မဝင်ဘူး ဆိုတဲ့ အတွက်ကြောင့် NLD ကို ထောက်ခံတဲ့သူ တွေဆီက မဲပြားက အန်တီတို့ ပါတီကိုရောက် လာမယ်လို့ထင်လား။ အဲဒီ မဲပြားတွေ ရအောင် အန်တီတို့ ဘယ်လို စည်းရုံး မလဲ။ ဘာနဲ့ စည်းရုံး မလဲ။

ဖြေ။ ။ လူထုတွေကို အမှန် ပြောရရင် အန်တီတို့ ပါတီကို မဲထည့် ချင်ထည့်။ အန်တီတို့ ပါတီထက် သာတဲ့ သူတွေကို မဲထည့် ချင်ထည့်။ အန်တီက တော့ ဒါကို အတ္တနဲ့ မစည်းရုံးဘူး။ သူတို့ ဦးနှောက်နဲ့ သူတို့ ဆုံးဖြတ်ဖို့ပဲ လိုတယ်။ ဒီလူဟာ တိုင်းပြည်အတွက် တကယ် စေတနာ မှန်နဲ့ လုပ်လား။ လုပ်စား မယ့်လူလား၊ အနွံတာ ခံပြီးတော့ လမ်းခင်း ပေးမယ့် လူလား။ ပြည့်ဝတဲ့ ဒီမိုကရေစီ ရဖို့ လမ်းဖောက်ပေး နေလား။ ဒါတွေကို စဉ်းစားဖို့တော့ လိုလိမ့်မယ်။ အန်တီ တို့ကတော့ လုပ်နိုင် သလောက်လုပ်သွား မယ်၊ ကြိုးစား သွားမယ်။ အန်တီ လူငယ်တွေကို တွေ့ရင် အမြဲ ပြောတဲ့ စကား တစ်ခွန်း ရှိတယ်။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စား ကြပါလို့ အမြဲပြော တယ်။ နိုင်ငံရေးဟာ လူတိုင်းနဲ့ ဆိုင်တယ်။ တိုင်းပြည် တိုးတက်ဖို့၊ ပြည်သူ လူထုကောင်းစား ဖို့မှာ အန်တီ တို့ဆီမှာ နိုင်ငံရေး ရေသောက်မြစ်က ပြတ်နေတယ် လေ။ ရေသောက် မြစ်ကို ပြန်ရှင် သန်အောင် လုပ်ရ မှာပါ။

မေး။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အန်တီတို့ ပါတီကို ရွေးကောက်ပွဲ အတွက် ပါတီကို ခွင့်ပြု လိုက်ပြီ ဆိုရင် အန်တီ က ဘယ်နယ်က ဝင်ရောက် အရွေးခံမှာလဲ။

ဖြေ။ ။ လေ့လာ ဆဲပါ။ မှတ်ပုံတင် ကျလာမှ စဉ်းစား ရမှာပါ။

[ ဟံသာဝတီ သတင်းဌာန အနေဖြင့် ဤ အင်တာဗျူး ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခ္ခဏာ ဖြစ်စေ၊ အနုတ် လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင် တစ်ခု ဆောင်နေပါက စာဖတ် ပရိတ် သတ်များ သတိ ပြုမိ စေလို ၍ ကူးယူ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။ ]

မင်းအောင်အောင် | လျှပ်တပြက်
၂ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats