Navigation - link to other main sections from here


ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသစ် အရ ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ် သွားပြီဟု ဆို


၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပ ခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ် များမှာ မြန်မာ အစိုးရက ၂ဝ၁ဝ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် တရားဝင် ပြဋ္ဌာန်း လိုက်သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အသစ် အရ ပျက်ပြယ် သွားပြီ ဖြစ်သည်။မတ်လ ၁၁ ရက်နေ့ နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြသော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေ အမှတ် ၁၄/၈၉ အရ ပြဋ္ဌာန်း ထားခဲ့သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို တရားဝင် ရုပ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ဥပဒေ အရ ကျင်းပ ခဲ့သော ၁၉၉ဝ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ် များလည်း အလို အလျောက် ပျက်ပြယ် သည်ဟု မှတ်ယူ ရမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁ (က) နှင့် (ခ) နှင့် တရားဝင် ဖော်ပြ ထားသည်။

''အကောင် အထည် မဖော်ဖြစ်လိုက်တဲ့ ရွေးကောက်ပွဲ အဟောင်း ရလဒ်ကို ဖျက်သိမ်း လိုက်တာက နည်းလမ်း ကျပါတယ်။ သမိုင်းမှာ ၁၉၉ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဆိုတာ မှတ်တိုင် တစ်ခု အဖြစ် တည်ရှိ နေမှာပါ'' ဟု ပြည်တွင်း နိုင်ငံရေး သမား တစ်ဦးက သုံးသပ်သည်။

ယခု ၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အရ ပေါ်ထွန်း လာမည့် ပြည်သူ့ လွှတ်တော်တွင် နိုင်ငံ တစ်ဝန်း လုံးရှိ ပြည်သူ လူထုက ရွေးကောက် တင်မြှောက် လိုက်သော လွှတ်တော် ကိုယ်စားလှယ် ၃၃ဝ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေ နှင့် အညီ နာမည်စာရင်း တင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ် ၁၁ဝ ပါဝင်မည် ဖြစ်ကြောင်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တရားဝင် ဖော်ပြ ထားသည်။

''ဒီလွှတ်တော် ကိုယ်စားလှယ် တွေထဲ က နိုင်ငံတော် သမ္မတ နဲ့ ဒုတိယ သမ္မတ တွေ ရွေးကောက် တင်မြှောက် မှာပါ။ ပြည်သူက သမ္မတ နဲ့ ဒုတိယ သမ္မတ တွေ ရွေးကောက် တင်မြှောက်လို့မရပါဘူး'' ဟု ရန်ကုန် တရားရုံးချုပ် ရှေ့နေ တစ်ဦး က ပြောကြား သည်။

၂ . ၅ . ၂၀၁၀ | The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats