Navigation - link to other main sections from here


နိုင်ငံခြား အလုပ်သမားများ အတွက်အခွန်ကို ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၂ခုနှစ်အထိအဆင့်လိုက်တိုးမြှင့် သွားမည်ဟုစင်ကာပူ အစိုးရ ထုတ်ပြန် ကြေညာ


စင်ကာပူ နိုင်ငံတွင် လာရောက် အလုပ်လုပ် ကိုင်နေသော နိုင်ငံခြား အလုပ်သမားများ အတွက် ပေးရမည့် အခွန်အား ၂၀၁၀ မှစ၍ ၂၀၁၂ ခုနှစ် အထိ အဆင့် အလိုက် တိုးမြှင့် ကောက်ခံ သွားမည်ဟု စင်ကာပူ အစိုးရ ထုတ်ပြန် ကြေညာ လိုက်ကြောင်း စင်ကာပူ နိုင်ငံထုတ် The Straits Times သတင်း စာတွင် ရေးသား ဖော်ပြချက် များအရ သိရသည်။ မကြာသေးမီ နှစ်များ အတွင်း က နိုင်ငံခြားသားများ အလုံးအရင်း နှင့် ၀င်ရောက် လာမှုကြောင့် ဒေသခံ စင်ကာပူများက မကျေမနပ် ဖြစ်နေကြချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာ ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

''စင်ကာပူက ၂၀၁၁ ခုနှစ်မှာ ရွေးကောက်ပွဲရှိတယ်။ အဲဒီအတွက် သူတို့ ပြည်ဘက်က အသံကို ပြန်ပြီး နားထောင် လာတယ်။ တကယ်တမ်း မှာလည်း စင်ကာပူက သူသွားနေကျ လမ်းကြောင်း ကနေ Trend ပြောင်း လာတယ်။ ကျန်းမာရေးတို့၊ ပညာရေးတို့ကို စတဲ့ ၀န်ဆောင်မှု ဘက်တွေကို ဦးစားပေး လာတယ်။ ပြည်တွင်း ဈေးကွက်ကို ဦးစားပေးဖို့ ဆိုတာကလည်း စင်ကာပူ နိုင်ငံက သူ့ရဲ့လူဦးရေ က နည်းတယ်။ domestic demand မများတဲ့ အခါ ထုတ်လုပ်မှုပိုင်းကို သိပ်အားပြု လို့မရဘူး။ ပြည်ပဈေးကွက် ကိုလည်း တရုတ်နဲ့ ယှဉ်ပြီး ထိုးဖောက်ဖို့ မဖြစ်နိုင်တဲ့ အခါ သမားရိုးကျ လမ်းကြောင်းကနေ သွေဖည်ပြီး စဉ်းစား လာရတယ်။ အဲဒါကြောင့် Trend ပြောင်းလာတာပါ''ဟု စင်ကာပူတွင် PR ရရှိထားသူ မြန်မာတစ်ဦးက ပြောပြခဲ့သည်။ ယင်းကဲ့သို့ ပြည်ပမှ ၀င်လာသော နိုင်ငံခြားသား အလုပ်သမားများအား အခွန်ကောက်ခံ ရာတွင် လက်ခံ ထားသော ကုမ္ပဏီမှ ပေးရမည် ဖြစ်ပြီး စင်ကာပူ လုပ်သား အင်အား၏ သုံးပုံ တစ်ပုံနီးပါး ရှိနေသော နိုင်ငံခြားသား အလုပ်သမားများ အပေါ် မှီခိုနေမှုကို လျော့ချရန် ရည်ရွယ်၍ ယခုနှစ်ဇူလိုင်လ ၁ ရက်နေ့ မှစ၍ အခွန် တိုးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားသား အလုပ်သမား များကို ခွဲတမ်း ပြဋ္ဌာန်းမည့်အစား ကုမ္ပဏီများက ၄င်းတို့ငှားရမ်းထား သော အလုပ်သမားများအတွက်ပေးရမည့် အခွန်ကိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအလုပ်သမားများ အတွက် ပေးရမည့်အခွန်ကို လာမည့် သုံးနှစ်အတွင်း အဆင့်လိုက် တိုးမြှင့်သွားမည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအား တိုးတက်ရန်အတွက်နှင့် ဒေသခံ စင်ကာပူအလုပ်သမားများ၏ ကျွမ်းကျင်မှု တိုးမြှင့်ရေးကူညီရန်အတွက် လာမည့် ငါးနှစ်အတွင်း စင်ကာပူ အစိုးရက ဒေါ်လာ ၃.၉ ဘီလျံသုံးစွဲ သွားမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။ ''စင်ကာပူနိုင်ငံမှာ PR ရရှိတဲ့ နိုင်ငံခြားသားတစ်ယောက်က နိုင်ငံသားအခွင့်အရေးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ရပါတယ်။ ဘဏ်မှာငွေချေးလို့ရတယ်။ ချေးငွေနဲ့အိမ်ဝယ်လို့ရတယ်။ အဲဒီအပြင် အခြားနိုင်ငံသားတွေ ခံစားခွင့်ရှိတဲ့ အကျိုး ကောင်းတွေလည်း ရပါတယ်။ ဒါပေမယ့် အခုတော့ PR ရရှိဖို့ထက် အလုပ်ရရှိဖို့တောင် တော်တော်လေး ခက်လာပါပြီ''ဟု မြန်မာ လူငယ် တစ်ဦးက လည်း ပြောပြ ခဲ့သည်။


Ref : The Straits Time


၂၈ . ၂ . ၂၀၁၀ l Eleven Media

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats