ကမ္ဘောဒီးယား -ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်တွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယား ပိုင်နက် အတွင်း နယ်မြေ ရယူထားမှု နှင့် ပတ်သက်၍ ထိုင်းနိုင်ငံကို နိုင်ငံတကာ တရားရုံးချုပ်၌ တရားစွဲရန် ပြင်ဆင်လျက် ရှိသော ကမ္ဘောဒီးယား အစိုးရ၏ ကြွေးမြီ ဒေါ်လာ ၃၁၇ သန်း လျှော်ပေးရန် တောင်းဆိုမှုကို အမေရိကန် ပြည်ထောင်စု အစိုးရက ပယ်ချ လိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ ကမ္ဘောဒီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုသို့ ပေးဆပ်ရန် ကြွေးမြီ များကို ဖွံ့ဖြိုး တိုးတက်ရေး ပံ့ပိုး ကူညီငွေ အဖြစ် ပြင်ဆင် သတ်မှတ် ပေးရန် တောင်းဆို လာမှု အပေါ် မိမိတို့ စာနာနား လည်ကြောင်း၊ သို့သော် မိမိတို့၏ တည်ဆဲ ဥပဒေများ နှင့် ဘဏ္ဍာရေး မူဝါဒ များအရ အဆိုပါ ကြွေးမြီကို ရရန် ရှိသော ငွေကြေး အဖြစ်သာ သတ်မှတ် နိုင်မည် ဖြစ်ကြောင်း၊ ကြွေးမြီ လျှော်ပေးရန် မဖြစ်နိုင် သော်လည်း ကြွေးမြီ ပြန်လည် ပေးဆပ် နိုင်မည့် အစီအစဉ်သစ် တစ်ရပ်ကို ကမ္ဘောဒီးယား နိုင်ငံ အတွက် ဖန်တီး ပေးမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့မာစီယယ်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယား နိုင်ငံ သို့ ၁၉၇ဝ ပြည့်နှစ်များက အဆိုပါ ချေးငွေများ ထုတ်ပေး ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား အစိုးရသည် အကြွေးဒေါ်လာ ၃၁၇ သန်းကို ပြန်လည် ပေးဆပ်ရန် ဆန္ဒ မရှိသည့်တိုင် အကြွေးကို စတင် ဆပ်သင့်ပြီ ဖြစ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ဆိုသည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှာ ၁၉၇ဝ ပြည့်နှစ် များက ကမ္ဘောဒီးယား နိုင်ငံသို့ ထုတ်ချေး ခဲ့သည့် အမေရိကန် ဒေါ်လာ သန်း ၆ဝ ကို ၂ဝဝ၂ ခုနှစ်က ပယ်ဖျက် ပေးခဲ့ပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ပြင်ဆင် ရေးဆွဲ ပေးမည့် ချေးငွေ ပြန်လည် ပေးဆပ်ရေး အစီအစဉ် သစ်ကို ကမ္ဘောဒီးယားနိုင်ငံက သဘောတူ လိမ့်မည်ဟု မျှော်လင့်ကြောင်း အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် လည်း တာဝန် ထမ်းဆောင်လျက် ရှိသူ စကော့မာဆီယယ်က ထပ်လောင်း ပြောကြားသည်။
၂၇ . ၂ . ၂၀၁၀ l Eleven Media

|

0 comments:
Post a Comment