Navigation - link to other main sections from here


ထိုင်းနိုင်ငံရောက် မြန်မာများ အသွင် အမျိုးမျိုးဖြင့် အတာသင်္ကြန် ရွှင်ရွှင် ပျော်ပျော် နွှဲ


မဟာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့ တွင် ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများ အသွင် အမျိုးမျိုးဖြင့် ရိုးရာ သင်္ကြန် ကာလကို ဆင်နွဲ နေကြကြောင် သိရသည်။ ဘန်ကောက်မြို့ ဖက်က ဆင်လမ်း ၆၁ ၊ ၀တ်တစ်လုံး ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း ၊ ဘန်ကောက်မြို့ နေရာအနှံ့ အပြားတွင် ရှိသည့် စက်ရုံ အလုပ်ရုံ များမှ မြန်မာ အလုပ်သမားများ စုပေါင်းပြီး ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ သင်္ကန်း နှင့် ၀တ္ထု ငွေများ ဆက်ကပ် လှူဒါန်း ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ နံနက် ၈ နာရီခန့်မှ စတင်၍ တဖွဲဖွဲ ရောက်ရှိလာ ကြသော မြန်မာ အလုပ်သမား များအား သင်္ကြန် ထမင်း ဟင်းများ ၊ မုန့်လုံး ရေပေါ် နှင့် အသီ အနှံများ ၊ အချိုရည် များဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေး ကြသည်။ နေ့လည် ၁၁ နာရီတွင် ကျောင်းရှိ သင်္ဃာ အပါး ၈၀ ကျော် တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး အလှူတော်ကို ရေစက်ချ သာဓု အနုမောဒနာ ခေါ်ယူ ကြသည်။ အဆိုပါ ကျောင်းတွင် နေထိုင်ပြီး ထိုင်း နိုင်ငံတွင် ပညာသင် နေသည့် မြန်မာ သံဃာတော် တစ်ပါးက မွေးရပ် မြေဆိုသည့် တရားတော် တစ်ပုဒ်အား တကာ တကာမ များအား ချီးမြှင့်တော် မူပါသည်။

ဦးဆောင် စီစဉ်သူ တစ်ဦး ဖြစ်သည့် ကိုတင့်လွင်ဦးက “ မြန်မာ့ ရိုးရာ သင်္ကြန်ပွဲကို ရောက်တဲ့ နေရာမှာ အစဉ်အလာ မပျက် လုပ်ကြ တာပါ ၊ ကျနော်တို့ တနှစ် ပါတ်လုံး လုပ်ခဲ့တာ ဒီနေ့ ဒီရက် တွေမှာ ပေါ့ပေါ့ ပါးပါး ပျော်ရွှင် ကြတာ ပေါ့ဗျာ၊ ရံပုံငွေ ကိုတော့ တစ်လ လောက်က ကြိုတင်ပြီး အလုပ်ရုံ တိုင်းက ခေါင်းဆောင် တွေက အလှူ ကောက်ပါတယ်၊ စုစုပေါင်း ဘတ် ၇၀၀၀၀ ရပါတယ်။ တရားပွဲ မှာ ရောက်လာတဲ့ အလုပ် သမားတွေ ခုချက်ချင်း ဖလား တွေနဲ့ လိုက်ကောက်တာ ဘတ်၂၀၀၀၀ ရတယ် ။ ကျောင်းထိုင် ဆရာတော်ကြီးကို ချက်ချင်း ကပ်လိုက် ပါတယ်” ဟုပြောသည်။ မွန်းလွဲ ၂ နာရီတွင် စက်ရုံ အသီးသီး တို့မှ မြန်မာ အလုပ်သမငယ် များက သင်္ကြန် ၀တ်စုံများ ၀တ်ဆင်ပြီး သင်္ကြန် အကဖြင့် အပြိုင် အဆိုင် အကပြိုင် ကြသည်။ ရောက်ရှိ လာသည့် မြန်မာ အလုပ်သမားများ အချင်း အပြန် အလှန် ရေပက် နေကြခြင်းမှာ အထူးပင် ကြည်နူး ဖွယ်ရာ ဖြစ်သည်။

လုံခြုံရေး အတွက် ကျောင်းထိုင် ဆရာတော်ကြီးက စီမံ ဆောင်ရွက်ပေး ထားပြီး အခု ပွဲတော် လာသည့် မြန်မာ အလုပ်သမားများ ငါးရာ ကျော်ခန့် ရှိသည်။ မဟာချိုင်တွင် ယမန်နေ့က တရား စခန်း ၀င်သည့် ဒုလ္လဘ ရဟန်းများ အားလည်း ယနေ့ နေ့ လည် ပိုင်းက ဆွမ်းဆန်စိမ်း လောင်လှူပွဲ ကျင်းပ ကြသည်။ အလားတူ မဲဆောက်မြို့တွင်လည်း သံချပ် ပြိုင်ပွဲများ ၊ အက ပြိုင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ ကြကြောင်း သိရှိ ရသည်။

၁၄ . ၄ . ၂၀၁၀ | ကိုကျော်သောင်း (ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats