Navigation - link to other main sections from here


ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဖြိုးမင်းသိန်းနှင့်အင်တာဗျူး


အင်အား နည်းသူ အချင်းချင်း ပူးပေါင်း ကြသည်လား၊ ဘယ်လို အကြောင်း တရား အခြေ အနေ များနှင့် ပူးပေါင်း သွားကြ သည်လဲ ဆိုသည် များကို မြန်မာ့ နိုင်ငံရေး အခြေ အနေ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် လှုပ်ရှား နေမှု များကို သိချင် သူများက သိချင် ကြပေ လိမ့်မည်။ ဦးရွှေအုံးသည် အသက် ၈ဝ ကျော် နေပြီ ဖြစ်ပြီး ပြည်ထောင်စု ဒီမိုကရေစီ (မဟာမိတ်အဖွဲ့ ) အမည်ဖြင့် မှတ်ပုံ တင်မည်ဟု ၂ဝ၁ဝ မတ်လ နောက်ဆုံး ပတ်က ပြောဆို ခဲ့သည်။ ကိုဖြိုးမင်းသိန်း သည် လူထု ဒီမိုကရေစီ ပါတီ အမည်ဖြင့် မှတ်ပုံ တင်မည် ဟုလည်း မတ်လ နောက်ဆုံး အပတ်က ပြောဆို ခဲ့ဖူးသည်။ အန်ကယ် ဦးရွှေအုံး နှင့် ပူးပေါင်း ရခြင်း အကြောင်း ရင်းကို သိရှိနိုင်ရန် ကိုဖြိုးမင်းသိန်းကို ဆက်သွယ် ခဲ့သည်။


မေး ။ ။ အန်ကယ် ဦးရွှေအုံးနဲ့ ကိုဖြိုးမင်းသိန်းတို့ အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း လိုက်ကြပြီ ဆိုတော့ ပါတီရဲ့အမည်ကို ဘယ်လို ပေးထား လဲ။

ဖြေ ။ ။ အန်ကယ် ဦးရွှေအုံးရဲ့ ပါတီက ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ အမည်နဲ့ ကျွန်တော်တို့ ပါတီက လူထု ဒီမိုကရေစီ ပါတီ။ အန်ကယ် ဦးရွှေအုံး ဆီက ကျွန်တော် တို့က ပြည်ထောင်စုကို ယူလိုက် ပြီးတော့ ကျွန်တော်တို့ ပါတီ ဆီက ဒီမိုကရေစီကို ယူလိုက်ပြီး နှစ်ခုပေါင်းတော့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီလို့ အမည် ပေးထား ပါတယ်။

မေး ။ ။ ပြည်ထောင်စု ဒီမိုကရေပါတီ အမည် နဲ့ ပါတီကို ဘယ်နေ့ မှတ်ပုံတင်မလဲ။

ဖြေ ။ ။ ဧပြီ (၉) ရက်နေ့ နောက်ဆုံးထားပြီး ကျွန်တော်တို့ရဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီကို မှတ်ပုံ တင်သွား မှာပါ။

မေး ။ ။ အစ်ကိုက ပြည်ထောင်စု ဒီမိုကရေစီပါတီမှာ ဘယ်နေရာယူထားလဲ။

ဖြေ ။ ။ ပြောလို့ မရသေးဘူးဗျ။ ဗဟို အလုပ် အမှုဆောင် အစည်း အဝေးက ဆုံးဖြတ် ပြီးမှ ပြောလို့ ရမယ်။ စီစဉ် ပြီးသားတွေတော့ ရှိပါတယ်။ အခု လောလောဆယ် ပြောလို့ မရသေး ပါဘူး။

မေး ။ ။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ရဲ့ ရုံးချုပ်က ဘယ်နေရာ ဖြစ်သွားမလဲ။

ဖြေ ။ ။ ဒီ ရုံးခန်း ကိုပဲ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဌာနချုပ် အနေနဲ့ ထားမှာပါ။ အမှတ် ၁၂၃ ဘီ ၃ ၊ (၄) လွှာ၊ ဦးချစ်မောင်လမ်းဆို ရပါတယ်။ ဖုန်းနံပါတ်က ဖြိုးမင်းသိန်း ဝ၉ - ၅ဝ၇၆၂၃၄ ပါ။

မေး ။ ။ ပါတီ နှစ်ခု ဘယ်လို ပေါင်းမိ သွားကြ တာလဲ။

ဖြေ ။ ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ ရေးရာနဲ့ ပတ်သက် တာကို အန်ကယ် ဦးရွှေအုံးကို ပေးဖတ်တယ်။ အန်ကယ် ဦးရွှေအုံး တို့ဆီက သူတို့ ပါတီရဲ့ မူဝါဒ သဘော တရား တွေကို ကျွန်တော် တို့ကို ပေးဖတ်တယ်။ အဲဒီကမှ ပါတီမူဝါဒ တစ်ခုကို ပြန်ထုတ် လိုက်တယ်။ တစ်ဦးချင်း အနေနဲ့ ကတော့ ဦးရွှေအုံးက ပြည်ထောင်စု ကိစ္စ ပေါ်မှာ ဦးတည် နေတဲ့ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်။ ကျွန်တော် တို့က ဒီမိုကရေစီရေး ကိုပဲ ရှေ့ရှု နေတဲ့ ကျောင်းသား ခေါင်းဆောင် တစ်ယောက်။ ဒီ အခြေ အနေ ပေါ်ကနေ ကျွန်တော်တို့ ညှိနှိုင်း ပြီးတော့ ဦးရွှေအုံး ဘက်က ပျော့ပြောင်း ညင်သာတဲ့ သဘောထား ဖြစ်လာတယ်။ အရှင်းဆုံးပြော ရရင်ဗျာ ဒီပါတီကို ကျောင်းသား တွေက ဦးဆောင် တယ်လို့ ပြောလို့ ရတယ်။

မေး ။ ။ ကျွန်တော်တစ်ခု မေးပါရစေ။ အစ်ကို တို့နဲ့ ကျောင်းသားလှုပ်ရှားမှု အတူတူ လုပ်ခဲ့တဲ့ ကျောင်းသား တွေက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ။ ၂ဝ၁ဝ ရွေးကောက် ပွဲကို မလို လားတဲ့ အချိန်မှာ ကျောင်းသား ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့တဲ့ ကိုဖြိုးမင်းသိန်းက ဘယ်လို ရည်ရွယ်ချက် တွေနဲ့ ရွေးကောက်ပွဲ ဝင်တာလဲ။

ဖြေ ။ ။ ဒီမိုကရေစီရေး လမ်းကြောင်းကို လျှောက်ကြပြီ ဆိုရင် အယူ အဆ တွေကတော့ အမျိုးမျိုး ရှိနိုင် ပါတယ်။ ၁၉၉ဝ ခုနှစ် ကလည်း ဒီ အတိုင်း ပါပဲ။ ၂ဝ၁ဝ ကလည်း ဒီအတိုင်း ပါပဲ။ ကျွန်တော်တို့ ယနေ့ အခြေ အနေနဲ့ ပတ်သက် နေတဲ့ အခြေ အနေ သုံးခုကို ပြောပြမယ်။

(၁) ရွေးကောက်ပွဲကို လုံးဝ လက်မခံတဲ့ အုပ်စု။
(၂) ဒီအချက် အလက်တွေ ရရင် ရွေးကောက်ပွဲကို လက်ခံမယ် ဆိုတဲ့ အုပ်စု။
(၃) ရွေးကောက် ပွဲကို လက်ခံပြီး ဒီ အခြေ အနေ ကနေ အကောင်းဆုံး ဖြစ်အောင် လုပ်မယ် ဆိုတဲ့ အုပ်စု သုံးစု ရှိတယ်။ အဲဒီ အုပ်စု သုံးစ စလုံးရဲ့ အဓိက ရည်မှန်း ချက်က ဘာလဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံ ဖြစ်ရေး မဟုတ်လား။ ကိုယ့်ရဲ့ ယုံကြည်ရာ တစ်ခုကို ပုံဖော် ကြတာပါ။ အယူ အဆ အမျိုးမျိုး ရှိနေခြင်းကိုက ဒီမိုက ရေစီပါ။ ဒီမိုကရေစီ မှာ တစ်ထပ်တည်း တူညီ ရမယ် ဆိုရင် ဒီမိုကရေစီ မဟုတ်ပါဘူး။ အာဏာရှင် (သို့) တစ်ပါတီ စနစ်ပဲ ဖြစ်ပါ လိမ့်မယ်။
ကျွန်တော်တို့ မိသား စုဝင် တွေထဲမှာ ကိုက အတွေး အခေါ်အယူ အဆ က တစ်ထပ်တည်း ကျတာ မဟုတ် ဘူးလေ။ တစ်ယောက် နဲ့ တစ်ယောက် ကို မိသားစု အတွင်းမှာ ကိုက မတူ နိုင်ဘူးလေ။


မေး ။ ။ အန်ကယ် ဦးရွှေအုံး နဲ့ ပူးပေါင်း တာက အင်အား မရှိသူ အချင်းချင်း ပူးပေါင်း ကြတာလို့ ပြောလာရင် ဘာပြော မလဲ။

ဖြေ ။ ။ အင်အား မရှိတဲ့သူ အချင်းချင်း ပေါင်းတာလား။ အင်အား ရှိတဲ့သူ အချင်းချင်း ပေါင်းတာလား ဆိုတာ ဘယ်လောက် အင်အားကြီး ထွားတဲ့ ပါတီကြီး ဖြစ်လာ မလဲ၊ လူထုရဲ့ ထောက်ခံမှု ဘယ်လောက် ရမလဲ ဆိုတာကို မကြာခင် အချိန် အတော အတွင်းမှာ လက်တွေ့ ပြသမှာပါ။ လက်တွေ့ ပြမယ်။ ပါးစပ်ပြော မဟုတ် ဘူးနော်။ မြန်မာပြည်မှာ ဘယ်လောက် ကြီးထွားတဲ့ ပါတီကြီး တစ်ရပ်လည်း ဆိုတာ လက်တွေ့ ပြသမှာပါ။ အဲဒါက ဘာကြောင့် ပြောလည်း ဆိုတော့ ၁၉၉ဝ ခုနှစ်က ကျောင်းသား ပါတီကြီး တစ်ခု ပေါ်ပေါက် ခဲ့တယ်။ ဒုတိယ အင်အားကြီး ပါတီကြီး အဖြစ် ရပ်တည် ခဲ့တယ်။


အခု ဒီတစ်ကြိမ်မှာ ဘယ်လောက် အင်အားကြီးထွား တဲ့ ပါတီကြီး ဖြစ်မယ် ဆိုတာကို နောင်တစ်လ နှစ်လ အတွင်း လူထု ကြားမှာ ကျွန်တော်တို့ ပြသ မှာပါ။ ကျွန်တော်တို့ အခုနေ ပါးစပ်က ပြောနေရင် ကျွန်တော်တို့ လေကြွား ဖြစ်မယ်ဗျာ။ ဘယ်လို အခြေ အနေ ဆိုတာ မီဒီယာ တွေကနေ လူထုကြားကနေ ဘယ်လောက် ကြီးထွား တယ် ဆိုတာ ကျွန်တော် တို့ပြမယ်။ ကျွန်တော်တို့ ဘာကြောင့် ညီညွတ်ရေး ကြိုးစားရ သလဲဆိုရင် (၁) လူကြီး လူငယ် နိုင်ငံရေး ကွာဟ မှုတွေကို ကျွန်တော် တို့ရဲ့ စံပြု ပြသမှုပေါ် ကနေ ညီညွတ်မှု တစ်ရပ်ကို ပုံဖော် လိုက်တာပါ။


အဓိက ရည်မှန်း ချက်ကတော့ ဒီမိုကရေစီ ပန်းတိုင်ကို သွားမယ် ဆိုရင် ညီညွတ်ဖို့ လိုအပ် ပါတယ်။ မညီ ညွတ်ဘဲနဲ့ ဒီမိုကရေစီ ပန်းတိုင်ကို သွားလို့ မရပါဘူး။ နောက်တစ် ချက်က ပြည်ထောင်စုကြီး အတွင်းမှာ အတူတူ လက်တွဲ နေထိုင်ကြ မယ်ဆိုတာကို ပေါင်းစပ် တာပါ။ ကျွန်တော် တို့ရဲ့ ဆောင်ရွက် မှုဟာ သမိုင်းမှာ တစ်ချိန်ချိန်မှာ မှတ်ကျောက် အတင်ခံ သွားမှာပါ။ ဒီအဖြေဟာ လွယ်လွယ်ရ ခဲ့တာတော့ မဟုတ်ပါဘူး။အကြိမ်ကြိမ် ဆွေးနွေးပြီးမှ ရခဲ့တဲ့ အဖြေပါ။

မေး ။ ။ ဒီနေ့ ဒီအချိန်မှာ ဖြိုးမင်းသိန်းဟာ ဘာဖြစ် သွားလဲ ပြောလာရင် အစ်ကို ဘာပြော မလဲ။

ဖြေ ။ ။ ကျွန်တော် ကတော့ မြန်မာ့ နိုင်ငံရေး အခြေ အနေဟာ မကြာခင်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကို ကျွန်တော်တို့ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ဖြတ်သန်း ရတော့ မှာပါ။ အဲဒီ အခြေ အနေ အတွက် မဖြစ်မနေ ဒီကိစ္စက လုပ်သင့် လုပ်ရမယ် ဆိုတာကို ကျွန်တော်က ယုံကြည်တယ်။ ဒါကြောင့်မို့ ဒီ အခြေ အနေကို လုပ်တာပါ။

[ ဤ အင်တာဗျူး ပါ အကြောင်း အရာ များသည် သက်ဆိုင်ရာ မီဒီယာ (သို့မဟုတ်) စာရေးသူ များ၏ ရေးသား ဖော်ပြချက် များသာ ဖြစ်ပါသည်။ ဟံသာဝတီ သတင်းဌာန အနေဖြင့် ဤ အင်တာဗျူး ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခ္ခဏာ ဖြစ်စေ၊ အနုတ် လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင် တစ်ခု ဆောင်နေပါက စာဖတ် ပရိတ် သတ်များ သတိ ပြုမိ စေလို ၍ ကူးယူ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။ ]



၁၃ . ၄ . ၂၀၁၀ မင်းအောင်အောင်
သတင်းရင်းမြစ် - လျှပ်တပြက် ဂျာနယ်

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats