Navigation - link to other main sections from here


ထိုင်း နိုင်ငံရှိ မြန်မာ နှင့် ထိုင်း ကလေး ၅ဝ ဦး ရှင်ပြုရန် ပြင်ဆင်


ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ တကွန်ပါ မြို့ နယ် ခစ်ခတ် ဘုန်းတော်ကြီး ကျောင်းတွင် မြန်မာ ရွေ့ပြောင်း အလုပ်သမားများ ၏ ကလေး ၃ဝ နှင့် ထိုင်း လူမျိုး ကလေး၂ဝ တို့ အား ရှင်ပြုရန် အတွက် ယနေ့ ဆံချ အဝတ်ဖြူ ဝတ်ပြီး ဖိုးသူတော် ကလေး လုပ်ပေး လိုက်ကြောင်း သိရသည်။ ခစ်ခတ် ကျောင်းထိုင် ဆရာတော်က ကြီးမှုး ကမကထ စီစဉ် ပေးခြင်း ဖြစ်ပြီး အလှူရံ ဝတ္ထုများကို အခြေခံ လူထု အခြေပြု လူ့အခွင့်အရေး ပညာပေး ဌာနက ကောက်ခံ ကူညီ ပေးသည်၊ လာမယ့် ဧပြီ ၆ ရက်နေ့ တွင် ထိုင်း ဗုဒ္ဓဘာသာ ထုံတမ်း စဉ်လာ အတိုင်း ရှင်ပြု ပေးမည် ဖြစ်သဖြင့် ထိုင်းဘာသာ နဲ့ ပါဠိလို သင်္ကန်တောင်းကို ရွတ်ဆို တတ်သည့် ကလေး၊ ဖိုးသူတော် ကျင့်ဝတ် နဲ့ အညီ နေထိုင်သော ကလေးတွေ ကိုသာ ကိုရင် အဆင့်သို့ တက်ပေးမည် ဖြစ်ကြောင်း ထိုင်း ကျောင်းထိုင် ဆရာတော်က မိန့်တော်မူသည်၊

ဒီလို မြန်မာကလေးတွေ သူများ တိုင်းပြည်မှာ ရှင်ပြုခွင့် ရခြင်းနဲ့ ပတ်သက်ပြီး ဖန်င အခြေစိုက် လူ့အခွင့်အရေး ပညာပေး ဌာနက ဒါရိုက်တာ ဦးထူးချစ်က “ ပင်ပင် ပန်းပန်း လာပြီး အလုပ်လုပ်နေ ကြရတဲ့ မြန်မာ တွေဟာ ဗုဒ္ဓ ဘာသာ ဝင်တွေ ဖြစ်တယ်၊ ဘာသာ နဲ့ သာသနာ အပေါ်မှာ ဘယ်လို သဘော ထားတယ်၊ မဖြစ်သာလို့ သူတပါး တိုင်းပြည်မှာ အလုပ် လာလုပ် နေကြရ ပေမယ့် အဆင့် အတန်း နိမ့်တဲ့ လူတွေ မဟုတ်ဘူး ဆိုတာကို နားလည် စေချင်လို့ ၊ပြီးတော့ ဒေသခံ ထိုင်းတွေ နဲ့  မြန်မာ အလုပ်သမားတွေ ကြားမှာ ခင်မင် လေးစားမှု တွေရှိ ကြစေချင်လို့ လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်၊

ထိုင်းတောင်ပိုင်း မှာ အခြေ ပြုပြီး မြန်မာ အလုပ်သမားတွေ အတွက် ကျမ်းမာရေး၊ ပညာရေး ၊ လူမှုရေး တွေကို ကူညီ ဆောင်ရွက် ပေးနေ ကြသော အင်ဂျီအို တွေက စုပေါင်းပြီး လာမယ့် သင်္ကြန် ကာလ ဧပြီလ ၁၄ ရက်နေ့ တွင် သင်္ကန်မယ် ရွေးပွဲ တခု ကျင်းပဖို့  စီစဉ် နေကြောင်းလည်း သိရှိ ရသည်။ မြန်မာ အလုပ် သမားတွေ အထဲက အိမ်ထောင်မရှိတဲ့ အပျိုကလေးတွေ ဝင်ရောက် ယှဉ်ပြိုင် နိုင်တယ်လို့  ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ကြေညာ ထားသည်။

၁ . ၄ . ၂၀၁၀ | ကိုကျော်သောင်း ( ဘန်ကောက် )

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats