ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန မြန်မာ့ စီးပွားရေး ဘဏ်သည် Smart Card ကို အသုံးပြု၍ ဘဏ်များ အချင်းချင်း Online ချိန်ဆက် ဆောင်ရွက် သွားမည့် “Quick Cash” Online Banking System ကို နေပြည်တော် ဘဏ်ခွဲ၊ ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)နှင့်ငွေစု ဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂) စုစုပေါင်း ဘဏ်ခွဲ ခုနစ်ခု တို့၌ ၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်မှ စတင်၍ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ “Quick Cash” Online Banking System အရ Customer များ အနေဖြင့် Smart Card ကို အသုံးပြု၍ ငွေသွင်း ငွေထုတ် လုပ်ငန်း များကို လွယ်လင့် တကူ မြန်ဆန်စွာ ဆောင်ရွက် လာနိုင်မည့်အပြင် မိမိ စာရင်း ဖွင့်လှစ် ထားသည့် ဘဏ်၌ သာမက Online ချိတ်ဆက် ထားသည့်အခြား မည်သည့် ဘဏ်ခွဲ တွင် မဆို ငွေသွင်း ငွေထုတ် လုပ်ငန်း များကို ဆောင်ရွက် သွားနိုင် မည်ဖြစ်ရာ သွားလေရာသို့ ငွေကြေး ပမာဏ အမြောက် အမြား သယ်ဆောင် သွားရန် မလို တော့ဘဲ Smart Card ဖြင့် အလွယ် တကူ ငွေသွင်း ငွေထုတ် ပြုလုပ် နိုင်မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
အင်တာနက် ပြတ်တောက်မှု မရှိ စေရေး အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နှင့် ညှိနှိုင်း ဆောင်ရွက် ထားကြောင်း၊ ADSL နှင့် IP Star စနစ်များ အပြင် Fiber Optics လိုင်း တို့ကို အသုံးပြု၍ Network ချိတ်ဆက် ဆောင်ရွက် ထားမှု ကြောင့် ဘဏ်လုပ်ငန်းချိန် အတွင်း အချိန်ပြည့် ၀န်ဆောင်မှု ပေးသွား နိုင်မည် ဖြစ်ကြောင်း မြန်မာ့ စီးပွားရေး ဘဏ်မှ စုံစမ်း သိရှိ ရသည်။
ထို ၀န်ဆောင်မှုကို အသုံးပြု လိုသူများသည် ကနဦး တွင် အနည်းဆုံး ငွေကျပ် ၁၀၀၀၀၀၀ ဖြင့် Online Account စာရင်း တစ်ခု ဖွင့်လှစ် ရမည် ဖြစ်ပြီး ဘဏ်မှ Smart Card တစ်ခု နှင့် ငွေမှတ် စာအုပ် တစ်အုပ်တို့ ထုတ်ပေး သွားမည် ဖြစ်သည်။ Customer များ အနေဖြင့် Smart Card ကို မိမိ နှစ်သက်ရာ ဂဏန်း ခြောက်လုံးဖြင့် Password သတ်မှတ် နိုင်ပြီး အဆိုပါ Password ကို ဘဏ်ကပင် မသိ ရှိဘဲ မိမိ တစ်ဦး တည်းသာ သိရှိမည် ဖြစ်သဖြင့် မိမိ၏ ကတ်ပျောက်ဆုံး / ခိုးယူခြင်း ခံရ လျှင်ပင် Password မသိရှိ ပါက ငွေထုတ်ယူလို့ မရနိုင်သည့် အတွက် လုံခြုံ စိတ်ချ ရမှု အပြည့် အ၀ ရှိမည်ဟု ဆိုသည်။
မြန်မာ့ စီးပွားရေး ဘဏ်သည် အင်တာနက် ချိတ်ဆက် မှုကို အသုံးပြု၍ Online စနစ်ဖြင့် ၀န်ဆောင်မှု ပေးခြင်းကို ၂၀၀၇ ခုနှစ် မေလ ကပင် ပြည်ပသို့ ထွက်ခွာမည့် သူများအား ဘဏ် အာမခံ စာတမ်း ထုတ်ပေးခြင်း လုပ်ငန်း အတွက် အာမခံငွေ ကောက်ခံ ခြင်းကို ရန်ကုန်မြို့ရှိ ပြည်တွင်း အခွန်များ ဦးစီး ဌာန ရုံး၌ လည်း ကောင်း၊ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အတွက် ပေးသွင်း ငွေကောက်ခံခြင်း လုပ်ငန်းကို ရန်ကုန်မြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး တို့၌ လည်းကောင်း၊ ဘဏ်ခွဲ နှင့် ရန်ကုန်မြို့ကိုယ် စား One Stop Service အဖြစ် အင်တာနက်ဖြင့် ချိတ်ဆက်၍ Online ဘဏ် လုပ်ငန်းကို စမ်းသပ် ဆောင်ရွက် ပေးခဲ့ရာ အောင်မြင်မှု ရရှိ ခဲ့သဖြင့် ယခုကဲ့သို့ Smart Card ကို အသုံး ပြု၍ ငွေ သွင်း ငွေထုတ် စနစ်ကို တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။
၂၅ . ၃ . ၂၀၁၀
|

0 comments:
Post a Comment