Navigation - link to other main sections from here


ကြက်ဥမှ မြွေဆိပ် ဖြေဆေး ထုတ်လုပ်မှု ၈၂ ရာခိုင်နှုန်း စမ်း သပ် အောင်မြင်


မြွေပွေး အကိုက် ခံရသော လူနာများ ၏ သဘော တူညီချက်ဖြင့် ကြက်ဥမှ ထုတ်လုပ် သော မြွေဆိပ် ဖြေဆေး အား စမ်းသပ် ထိုးနှံရာ ပြင်းထန်သော ဘေးထွက် ဆိုးကျိုး မရှိဘဲ ၈၂ ရာခိုင်နှုန်း သော လူနာများ အား အောင်မြင်စွာ ကုသ ပေးနိုင် ခဲ့ကြောင်း ဆေး သုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးခင်က ပြောကြားသည်။ မတ်လ ၆ ရက်နေ့က ဆေး သုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပ ခဲ့သော မြွေဆိပ် ဖြေဆေး အောင်မြင်မှု တင်ပြခြင်း အခမ်း အနားတွင် ၎င်းက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကြက်ဥ မြွေဆိပ် ဖြေဆေး စမ်းသပ်မှုကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလတွင် တိုက်ကြီး မြို့နယ် ဆေးရုံ၌ လည်းကောင်း၊ ဖေဖော် ၀ါရီလတွင် တောင်တွင်းကြီး မြို့နယ် ဆေးရုံ၌ လည်းကောင်း၊ မေလ၊ ဇွန်လ၊ အောက်တိုဘာလ နှင့် ဒီဇင်ဘာလတို့ အတွင်း သာယာဝတီ ခရိုင် ဆေးရုံကြီး ၌ လည်းကောင်း လူနာ များ၏ သဘော တူညီချက်ဖြင့် စမ်းသပ် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

စမ်းသပ်မှုတွင် အသက် ၁၄ နှစ် မှ ၆၀ အတွင်းရှိ သူများ မြွေကိုက် ခံရပြီး ဆေးရုံသို့ လေးနာရီ အတွင်း ရောက်ရှိ လာသည့် မြွေပွေး ဆိပ်သင့် (သွေးမခဲသည့်) လူနာများ နှင့် ဆေးရုံသို့ ရောက်ရှိ ချိန်၌ မြွေပွေးဆိပ် မသင့် သေးသော်လည်း စောင့်ကြည့် နေစဉ် အတွင်း အဆိပ်သင့် (သွေးမခဲ) ဖြစ်လာသည့် လူနာများ ပါဝင်သည်။

စမ်းသပ်မှုတွင် မပါဝင် နိုင်သည့် လူနာများမှာ ကိုယ်ဝန်ဆောင် နှင့် နို့တိုက် မိခင်များ၊ ဆေးရုံသို့ မရောက်မီ မြွေပွေးဆိပ် ဖြေဆေး ထိုးခံ ရပြီး သူများ၊ အခြား ရောဂါ နှင့် ယှဉ်တွဲ နေသော လူနာများ နှင့် ကြက်ဥ နှင့် ဓာတ် မတည့်သူများ ဖြစ်သည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံ သည် မြွေကိုက် ခံရမှု နှုန်းနှင့် မြွေကိုက် ခံရမှုကြောင့် အသက် သေဆုံးမှုနှုန်း အများဆုံး နိုင်ငံ ဖြစ်သည့် အတွက် ၂၀၀၂ ခုနှစ်မှ စတင်ခါ ကြက်ဥနှစ် အတွင်းမှ မြွေပွေး အဆိပ် ဖြေဆေး စမ်းသပ် မှုကို သုတေသန ပြုလုပ် ခဲ့ရာ ၂၀၀၆ ခုနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက် ရာတွင် ကြက် များအား စနစ်တကျ မွေးမြူ၍ မြွေပွေး ဆိပ်ကို အချိန် အဆနှင့် ထိုးနှံ ထားရပြီး သတ်မှတ် ထားသော အချိန်တွင် ကြက်ဥ များကို စုဆောင်း၍ ကြက်ဥများ အတွင်းရှိ မြွေပွေးဆိပ် ဖြေဆေးကို ဓာတ်ခွဲခန်း အတွင်း အဆင့်ဆင့် ထုတ်ယူနိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု အချိန်တွင် သုတေသန ဌာန အနေဖြင့် ဆေးရည် ငါးမီလီလီတာ ၀င်ပုလင်းပေါင်း တစ်ထောင်ကျော် ထုတ်လုပ် ထားကြောင်း၊ ကြက်ဥများမှ မြွေပွေး ဆိပ်ဖြေဆေးထုတ်လုပ် နိုင်ရန် အချိန် နှစ်လ စောင့်ဆိုင်း ပြီးနောက် အလုံးရေ ၁,၀၀၀ ထုတ်လုပ် နိုင်မည်ဟု ဆိုသည်။

၎င်းတို့ သုတေသန ဌာန အနေဖြင့် ဈေးကွက်သို့ ဖြန့်ချိရန် မဟုတ်ဘဲ ဆေးရုံများ အတွက် အဓိက ရည်ရွယ်ကြောင်း ဒေါက်တာ မျိုးခင် က ပြောကြားကြောင်း အတွဲ အမှတ် (၂၃ ၊ အမှတ် ၄၅၈) မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၂၂ . ၃ . ၂၀၁၀ l ခင်မြတ် နှင့် သဲသဲထွေး

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats