ယခုနှစ် ရန်ကုန် သင်္ကြန် ပွဲတော်တွင် ရေကစား မဏ္ဍပ် ဆောက်လုပ်ခွင့် အား ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ကန်တော်ကြီး ပတ်လမ်း နှင့် ဆရာစံ လမ်းတို့ အပြင် ရန်ကုန်မြို့တွင်း (Down Town) ဧရိယာများရှိ အ၀ီစိတွင်း ရှိသော နေရာများတွင် ဦးစားပေး ချထား ပေးရန် စီစဉ် လျက်ရှိ ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ ခဲ့သည်။ မဏ္ဍပ် ဆောက်လုပ် ခွင့်များ ချထား ပေးရာ၌ ပြည်လမ်းတ စ်လျောက် (ခရေပင်လမ်းခွဲမှစ၍) ပေးသွားမည် ဖြစ်ပြီး ရှစ်မိုင် လမ်းဆုံ အနီးတွင် ဆောက်လုပ်ခွင့် ပေးမည် မဟုတ်ဘဲ ခြောက်မိုင်ခွဲမှ အင်းလျား ကန်ပေါင် ရှေ့ တစ်လျောက်တွင် ကုမ္ပဏီ အသီးသီး၏ မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပေး မည်ဖြစ်ကြောင်း၊ မြေနီကုန်း မီးပွိုင့် အနီးတွင် ရေကစား မဏ္ဍပ်များဆောက် လုပ်ခွင့်ပေးမည် မဟုတ်ဘဲ စွမ်းအင်ဝန်ကြီးဌာန ရုံးထောင့် (ပြည်လမ်း နှင့် မင်းရဲ ကျော်စွာ လမ်းထောင့်) တွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာအေး စေတီ လမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် အနေဖြင့် ဆီဒိုးနား ဟိုတယ်ရှေ့ (အင်းလျား ကန်ပေါင် အနီး) နှင့် Marina Residence ရှေ့တို့တွင် ချထား ပေးမည်ဟု သိရှိ ရသည်။ ကန်တော်ကြီး ပတ်လမ်း တွင်မူ တိရစ္ဆာန် ဥယျာဉ်ထောင့်၊ သိမ်ဖြူကားမောင်း သင်တန်းကွင်း နေရာ အနီးနှင့် Chatrium ဟိုတယ် ရှေ့တို့တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်များ ချထား ပေးမည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်က မဏ္ဍပ်ဆောက်လုပ် ခွင့်မပြုခဲ့သော ဆရာစံလမ်းတွင် ယခုနှစ် မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုသွားမည် ဖြစ်ပြီး မဏ္ဍပ် အရေ အတွက် ပြည့်ကျပ်မှု မရှိစေရန် စိစစ်သွားမည် ဟု သိရသည်။ ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသူများ အနေဖြင့် မဏ္ဍပ်နောက်ခံ သရုပ်ဖော် အပြင်အဆင်များမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ဖော်ညွှန်း သော အပြင်အဆင်များဖြစ်ရမည် ဖြစ်ပြီး မဏ္ဍပ်နာမည်များကိုလည်း မြန်မာ့ရိုးရာနာမည်များသာ ပေးရမည်ဖြစ်ကြောင်း သိရသည်။ မဏ္ဍပ်ကြီးတစ်ခုတွင် ယိမ်းအဖွဲ့တစ်ဖွဲ့စီ နှင့် အလှပြယာဉ်တစ်စီးစီ ထွက်၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဏ္ဍပ်ကြီး ဆောက်လုပ်ခွင့်ရရှိထားသူများသည် သင်္ကြန်ဖွင့်ပွဲနှင့် သင်္ကြန်ပိတ်ပွဲကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်တွင် တက်ရောက်ဆင်နွှဲရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်ရေကစားမဏ္ဍပ် ကြီးများ၌ ရေစတင်ပက်သောနေ့တွင် ငွေဖလားအတွင်းနံ့သာရည်ကို သပြေခက်နှင့်အချိန်အနည်းငယ် ပက်ရမည် ဖြစ်ပြီး မဏ္ဍပ်ကြီးများ၌ ရေကစား သူများကို ကျွေးသော အစားအစာ များမှာ မြန်မာ့ရိုးရာအစားအစာများ ဖြစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
''သင်္ကြန်မဏ္ဍပ်တွေမှာ ဆေးလိပ်နဲ့ အရက်ကြော်ငြာတွေကို လုံးဝကပ်ခွင့်ပြုမှာမဟုတ်ပါဘူး။ တခြား ကုန်ပစ္စည်း တွေ ကြော်ငြာ ချင်ရင်တော့ ရပါတယ်။ မဏ္ဍပ်တွေမှာ မြန်မာ့ရိုးရာ တီးဝိုင်း၊ ခေတ်ပေါ် တေးဂီတ တွေ ပါလို့ ရတယ်။ ဒါပေမဲ့ DJ နဲ့ သရုပ်ပျက် ၀တ်စား ဆင်ယင် မှုတွေ ကိုတော့ လက်မခံပါဘူး။ ဒါတွေကို မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွေက တင်းတင်း ကျပ်ကျပ် တားမြစ် သွားမှာ ဖြစ်ပါတယ်။ သင်္ကြန် မဏ္ဍပ်တွေ ခိုင်ခံ့ဖို့ အတွက် ကိုလည်း သက် ဆိုင်ရာ အင်ဂျင်နီယာ တွေနဲ့ စစ်ဆေး သွားမယ်။ ဒီနှစ် ရန်ကုန် သင်္ကြန်ကို မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာကို ဖော်ဆောင်တဲ့ သင်္ကြန် ဖြစ်အောင်လုပ် သွားမှာပါ'' ဟု ၄င်းတာဝန်ရှိသူက ရှင်းပြ ခဲ့သည်။
၂၁ . ၃ . ၂၀၁၀ l EM
|

0 comments:
Post a Comment