Navigation - link to other main sections from here


တရုတ်သို့ ရောင်းစား ခံရသူ အမျိုးသမီး တစ်ဦး ထွက်ပြေး လွတ်မြောက်


ရန်ကုန်တိုင်း သန်လျင် မြို့နယ်မှ အမျိုးသမီး နှစ်ဦး တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ ရောင်းစား ခံရရာမှ တစ်ဦး ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိ ရသည်။ သန်လျင်မြို့နယ် မြယာကုန်း မြောက်ပိုင်းတွင် နေထိုင်သူ အသက် ၄ဝ နှစ် အရွယ်ရှိ ကျပန်း လုပ်ကိုင်သူ ဦးဖိုးထူး (ခေါ်) ဦးစန်းမြင့်က သန်လျင်မြို့နယ် လက်ယက်စမ်း ကျေးရွာမှ အသက် ၁၆ နှစ် အရွယ်ရှိ မဝင်းစန္ဒာ နှင့် အသက် ၄၅ နှစ် အရွယ်ရှိ ဒေါ်အေးမြင့် တို့ကို ကော့သောင်း မြို့တွင် အလုပ်ရမည်ဟု ပြောကာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် တာမွေမြို့နယ် အသောက မှတ်တိုင် အနီးရှိ ထမင်းဆိုင်သို့ ခေါ်ဆောင် သွားကြောင်း၊ ထမင်းဆိုင်၌ ဦးဇော်မိုး ဆိုသူနှင့်ပါ တွေ့ဆုံ ခဲ့ကြကြောင်း၊ ဦးဖိုးထူး နှင့် ဦးဇော်မိုး တို့က ၄င်းတို့ နှစ်ဦး အတွက် ကြိုတင်လစာ သုံးလစာ ပေးအပ် ခဲ့ကြောင်း၊ ယင်းနောက် သုံးလခန့် အကြာ မတ်လ ၇ ရက်နေ့ နံနက် ၁ဝ နာရီ အချိန်တွင် ကော့သောင်းသို့ အလုပ် လုပ်ရန် လိုက်ပါသွားခဲ့သူ ဒေါ်အေးမြင့်သည် ၄င်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိ လာကြောင်း၊ မဝင်းစန္ဒာနှင့် ၄င်းတို့သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် ရောင်းစား ခံရကြောင်း နှင့် ၄င်း ထွက်ပြေး လွတ်မြောက် လာခဲ့သည်ဟု ပြောပြ ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှူးရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ လူကုန် ကူးမှုကို သန်လျင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၃၂၂/၁ဝ ပုဒ်မ ၃၇ဝ/၃၇၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့ စခန်း ထံမှ စုံစမ်း သိရှိ ရသည်။ အလားတူ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ အမျိုး သမီး နှစ်ဦးကို တစ်ဖက် နိုင်ငံသို့ အငှား မယား အဖြစ် ရောင်းချရန် စီစဉ်သူ အမျိုးသမီးကြီး တစ်ဦးကို ဖေဖော်ဝါရီလ ပထမပတ်က ဖမ်းဆီး အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန် ချက်များ အရ သိရသည်။၂ဝဝ၉ ခုနှစ်အတွင်း အသက် ၁၈ နှစ် အရွယ်များ အပါအဝင် လူကုန်ကူးခံရသူ ၃ဝဝ ဦးကို မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လွှဲပြောင်း ပေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။

၂၁ . ၃ . ၂၀၁၀ l The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats