Navigation - link to other main sections from here


ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာ လုပ်သားများ တဖွဲဖွဲ ပြည်တော်ပြန်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်နေရာ။ ပျံ့လွင့်လာသော ညှီနံ့နှင့် အတူ အစိမ်းရောင် ဟယ်ရီပေါ်တာ အမည်ရှိ စက်လှေ ပေါ်သို့ အပြာရောင် တိုင်ကီ အလွတ်များ တင်မေသည်ကို မြင်တွေ့ရသည်။ ယင်း နှင့် တပြိုက်တည်း ၁၀ ဘီးကားကြီး တစ်စီးပေါ်သို့ ပိဿာချိန် ၃၀ ခန့် အလေးချိန် ရှိသော လိမ္မော်ရောင် ခြင်းများ တင်နေသည်။ အတိအကျဆို Saphan Pla Fish Marking Freezer Industry ရှိ ငါးတင် ငါးချ ဆိပ်ကမ်း တစ်နေရာတွင် ဖြစ်သည်။ ၁ဝ ဘီးကား၊ ဟိုင်းလပ်ကား၊
ခြောက်ဘီးကား စသည်ဖြင့် အမျိုးမျိုး သော ငါးတင် ကားများ ကြားတွင် ရေခဲရိုက် ငါးများကို ပုံစံ အမျိုးမျိုးဖြင့် ထမ်းပိုး တင်နေ သူများမှာ အသက် အရွယ် စုံပင် ဖြစ်သည်။ ''ဒီမှာ ရှိတဲ့ သူတွေ ထဲမှာ ၈ဝ ရာခိုင်နှုန်း က မြန်မာ တွေပဲ'' ဟု အသက် ၄၆ နှစ်
အရွယ် ဦးအောင်မိုးက ဆိုသည်။


သားသမီး လေးယောက်၊ ဇနီးတို့ နှင့် အတူ ထိုင်း နိုင်ငံတွင် ရွှေ့ပြောင်း အခြေစိုက် နေသည့် ဦးအောင်မိုးသည် ယင်းဆိပ် ကမ်းမှ ကုန်တင် ကုန်ချ လုပ်သား တစ်ဦးလည်း ဖြစ်သည်။ မိသားစုလိုက် ရွှေ့ပြောင်းနေ နေခြင်း ဖြစ်သော်လည်း ထိုင်း နိုင်ငံတွင် သူ မပျော် နိုင်ပါဟု ဦးအောင်မိုးက အတိ အလင်း ဆိုလာသည်။ ဦးအောင်မိုး သာမက ထိုင်း နိုင်ငံတွင် တရားမဝင် အလုပ်သမား အဖြစ် ဘဝ ရှင်သန် ရပ်တည် နေရသူ မြန်မာ လုပ်သား အားလုံး လိုလို အိမ် (မြန်မာနိုင်ငံ) သို့ ပြန်ချင် သူချည်းသာ ဖြစ်ကြောင်း ၄င်းတို့နှင့် တွေ့ဆုံ မေးမြန်း မှုများ အရ သိရသည်။ ''ဒီရက်ပိုင်း လောက်မှာကို ပြန်တဲ့သူ ထောင်နဲ့ချီ ရှိနေတယ်''ဟု မဟာချိုင် ဒေသတွင် ရုံးခန်း ဖွင့်လှစ်၍ တရား မဝင် မြန်မာ လုပ်သား များကို ကူညီ ဆောင်ရွက် ပေးနေသော NGO တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီလ အတွင်း ပြောကြားသည်။

တရား မဝင် မြန်မာ လုပ်သားများကို ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန်နှင့် ပြုလုပ်ခြင်း မရှိပါက နေရပ် ပြန်ပို့ခြင်း၊ ဖမ်းဆီး အရေး ယူခြင်းများ ပြုလုပ်မည် ဟူသော သတင်းများ ထွက်ပေါ် လာပြီးနောက် ယင်းသို့ မြန်မာ လုပ်သား အများ အပြား ပြည်တော် ပြန်လာ ကြခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် နောက်ဆုံး သတ်မှတ် ထားသည့် မတ်လ၂ ရက်နေ့ နောက်ပိုင်းတွင် ပြည်တော် ပြန်သူ အရေ အတွက် ပိုမြင့်မား လာကြောင်း မဟာချိုင် ဒေသရှိ မြန်မာ လုပ်သားများ ထံမှ စုံစမ်း သိရှိ ရသည်။

''တဖွဲဖွဲ ပြန်နေ ကြတာပါ''ဟု မဟာချိုင် ဒေသ Saphan Pla Fish Marking Freezer Industry မှ ကုန်တင် ကုန်ချ လုပ်သား တစ်ဦး ဖြစ်သူ ဦးမျိုးဝေ က မတ်လ ၆ ရက်နေ့တွင် ပြောကြားသည်။ သတ်မှတ်ရက် အမီ နိုင်ငံသား ဖြစ်ကြောင်း စိစစ် မခံခြင်း၊ ယာယီ နိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း မပြုလုပ်သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသား တရား မဝင် အလုပ်သမား ငါးသိန်း ခန့်ကို ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လွှတ်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် The Nation သတင်းစာ၏ အင်တာနက် စာမျက် နှာတွင် မတ်လ ဆန်းပိုင်းက ဖော်ပြ ထားသည်။ ယာယီ နိုင်ငံကူး လက်မှတ်များကို ထုတ်ပေး နေဆဲ ဖြစ်သော်လည်း ထုတ်ပေးစ ကပင် မြန်မာ လုပ်သား အများစု ပြုလုပ် လိုခြင်း မရှိဘဲ လူနည်းစု ကသာ ပြုလုပ် ခဲ့ကြကြောင်း၊ နိုင်ငံသားကတ် လက်ဝယ် မရှိခြင်း၊ ကုန်ကျ စရိတ်မှာ အလွန် မြင့်မား နေပြီး မိမိတို့ လစာ၏ နှစ်လ၊ သုံးလစာမျှ အထိ မြင့်မား နေခြင်း၊ ကိုယ်တိုင် သွားရောက် ပြုလုပ် ပါက ဖမ်းဆီး ခံရမည်ဟု ယုံကြည် ထားခြင်း တို့ကြောင့် ယင်းသို့ နိုင်ငံကူး လက်မှတ် ပြုလုပ်မှု မရှိခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ ထံမှ စုံစမ်း သိရှိ ရသည်။

ငါးညှီနံ့များ ပျံ့လွင့် နေသော ပတ်ဝန်းကျင် နှင့် အသားကျ နေပြီ ဖြစ်သော ဦးအောင်မိုး ကလည်း ''မဖြစ် မနေ ပတ်စပို့ လုပ်ရမယ် ဆိုရင်တော့ ပြန်မယ်၊ ကျွန်တော်တို့က ဘာပဲ ပြောပြော ခိုးဝင် လာတာ ဆိုတော့'' ဟုဆိုသည်။ ထို့နောက် သူ့တွင် ဆက်စရာ စကား မရှိတော့ဟန်ဖြင့် လက်ထဲမှ တင်းတင်း ဆုပ်ထား သည့် လစ်ပို ပုလင်း ကိုသာ ငုံကြည့် နေသည်။ ထိုင်းနိုင်ငံသို့ သူပြောင်း ရွှေ့လာရခြင်း မှာလည်း သူ့မိသားစု ၏ လတ်တလော ဘဝ ရပ်တည် ရှင်သန် မှုနှင့် သူ့သား သမီးတို့၏ ဘဝရှေ့ရေး အတွက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် နိုင်ငံကူး လက်မှတ် မလုပ်ဘဲ တိတ်တ ဆိတ်သာ နေရပ် ပြန်တော့မည် ဖြစ်ကြောင်း နှုတ်ဆိတ် နေရာမှ ဦးအောင်မိုးက ပြန်လည် ဖြေကြားသည်။

မြန်မာ နိုင်ငံ သားများ အပါ အဝင် ထိုင်းနိုင်ငံရောက် တရားမဝင် လုပ်သားများ တရားဝင် အလုပ်လုပ် ကိုင်ခွင့် ရရှိရန် ယာယီ နိုင်ငံကူး လက်မှတ်များ လျှောက်ထားရန် နောက်ဆုံး သတ်မှတ် ထားသည့် ရက်ကို မတ် ၂ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့သို့ ထိုင်း အာဏာပိုင် များက ပြောင်းရွှေ့ သတ်မှတ် လိုက်ကြောင်း ဖနွမ်းပင်ပို့စ်သတင်း Website တွင် မတ်လ ဒုတိယ ပတ်က ဖော်ပြ ထားသည်။ ယင်းရက် မတိုင်မီ မြန်မာ လုပ်သား အများ အပြား ပြည်တော်ပြန် လာဖွယ် ရှိနေ သေးကြောင်း ဘန်ကောက် ငါးတင် ငါးချ ဆိပ်ကမ်းတွင် အလုပ် လုပ်နေသူ မြန်မာ လုပ်သား တစ်ဦးက ဆိုသည်။



၂၃ . ၃ . ၂၀၁၀ l ကျော်ကျော်မင်း
The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats