အမေရီကန်၏ အရှေ့တောင် အာရှနိုင်ငံများ (ASEAN) ဒေသအပေါ် ချဉ်းကပ်မှု အသစ်ကို ကြိုဆိုပါကြောင်း အဆိုပါ ဒေသဆိုင်ရာ အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် က ချီကာဂို အခြေစိုက် အမေရီကန် ကမ္ဘာ့ရေးရာကောင်စီ ကိုယ်စားလှယ် အဖွဲ့ကို ကြိုဆို နှုတ်ဆက်ပြီး နောက် ပြောကြားသွားသည်။ ချီကာဂိုမြို့ အခြေစိုက် အဆိုပါ ၂၅ ဦးပါ အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၃ ရက်နေ့က ဂျာကာတာ မြို့တော်ရှိ ASEAN အတွင်းရေးမှူးချုပ်ရုံး သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။ '' အရှေ့တောင် အာရှမှာ အမေရိကန် အကျိုး စီးပွား ရှိတယ် ဆိုတာ ဝါရှင်တန်က ပိုပြီး ရှင်းလင်း လာပါတယ်'' ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က ဆိုသည်။၂ဝဝ၉ ခုနှစ် ဝါရှင်တန်၌ အစိုးရ အပြောင်း အလဲ ကာလ အစ၌ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၏ ပထမဆုံး အာရှ ခရီးစဉ် အတွင်း ASEAN အတွင်းရေးမှူးချုပ်ရုံးသို့ လာရောက် သွားခဲ့ခြင်း သည်ပင်လျှင် အမေရိကန်၏ အရှေ့တောင်အာရှ ဆိုင်ရာ မူဝါဒ အပြောင်း အလဲ အချိုး အကွေ့ ဖြစ်ကြောင်း ၄င်းက ဆိုသည်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒေသလုံး ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး လားရာ များကို လေ့လာရေး အနေဖြင့် ရောက်ရှိ လာခြင်း ဖြစ်သည်။
လူမှုရေး နှင့် သမိုင်း နောက်ခံ ကွာဟ မှုများ ရှိသော်လည်း ASEAN နိုင်ငံများ အချင်းချင်း အင်တိုက် အားတိုက် ချိတ်ဆက်ကာ ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိနေပြီ ဖြစ်ကြောင်း ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ အဆိုပါ ချီကာဂို ကမ္ဘာ့အရေး ကောင်စီသည် အင်ဒိုနီးရှား အပြင်ကမ္ဘောဒီးယား၊ စင်ကာပူ နှင့် ဗီယက်နမ် စသည့် ASEAN အဖွဲ့ ဝင်နိုင်ငံများ သို့လည်း သွားရောက်မည် ဖြစ်ပြီး အစိုးရ အဆင့်မြင့် အရာရှိများ၊ စီးပွားရေး နှင့် လူမှု အဖွဲ့အစည်း ဆိုင်ရာ ဒေသခံ ခေါင်းဆောင်များ နှင့် တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ကြောင်း The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။
၁၄ . ၃ . ၂၀၁၀ l TV
|

0 comments:
Post a Comment