ရှေ့တောင် အာရှ ဒေသရှိ နိုင်ငံ ဖြင့် စုပေါင်း ဖွဲ့စည်း ထားသည့် အာဆီယံ အဖွဲ့တွင် မြန်မာ နိုင်ငံသည် ကမ္ဘာလှည့် ခရီးသွား လာရောက် လည်ပတ်မှု ဒုတိယ အနည်းဆုံး နိုင်ငံ တစ်ခု ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။ဧရိယာ အကျယ် အဝန်း ၂၂၂၆ စတုရန်း မိုင်ခန့်သာ ကျယ်ဝန်းပြီး လူဦးရေ လေးသိန်း ခန့်သာ ရှိသော ဘရူနိုင်း နိုင်ငံက ခရီးသည် ရရှိမှု ပထမ အနည်းဆုံး ဖြစ်ပြီး လက်ရှိ အခြေ အနေ အရ ဧရိယာ အကျယ် အဝန်း ၂၆၈,ဝဝဝ စတုရန်းမိုင် ခန့်နှင့် လူဦးရေ ၅၇ သန်း ကျော်ရှိ နေသော မြန်မာ နိုင်ငံသည် ဧည့်သည် ရရှိမှု ဒုတိယ အနည်းဆုံး ဖြစ်နေ သေးကြောင်း၊ ၄င်းက ဆိုသည်။ သို့ရာတွင် ယခုနှစ်၌ စီးပွားရေး အသင့် အတင့် ကောင်းလာသည့် အတွက် ဧည့်သည် ဝင်မှု အနည်းငယ် ပြန်မြင့် တက်လာ မည်ဟု မျှော်လင့် ရကြောင်း၊ မြန်မာ နိုင်ငံ အနေ ဖြင့်လည်း ခရီးသွား လုပ်ငန်း မြင့်မားရေး အတွက် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနနှင့် အတူ အခြားသောဝန်ကြီး ဌာန အချို့နှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း၊ ယခုနှစ် ဧည့်သည် ဝင်မှုသည် ၂ဝဝ၆ စံချိန်ကို ချိုးနိုင်မည်ဟု ထင်ကြောင်း၊ ၂ဝဝ၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား နှစ်သိန်း လေးသောင်း ကျော် ဝင်ခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ဆိုသည်။အာဆီယံ ဒေသ တွင်း ခရီးသွား ဧည့်သည် အရေ အတွက် မှာ ၆ဝ ဒသမ ၂ သန်း ရှိကြောင်း၊ ဧည့်သည် အများစု သည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများ သွားရောက် လည်ပတ် မှုများကြောင်း၊ သို့သော် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ ဒေသတွင်း ဗီဇာ ကင်းလွတ် ခွင့်ဖြင့် လွတ်လပ်စွာ သွားလာ နိုင်မည် ဖြစ်၍ မြန်မာ နိုင်ငံသည်လည်း ဧည့်သည် ဝင်မှု များလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လာရောက်မည့် ဧည့်သည်နှင့် လိုက်ဖက်မည့် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်လမ်းညွှန် စသည် တို့ကို ဖူလုံမှု ရှိအောင် အားလုံးက ကြိုတင် ဆောင်ရွက် ထားသင့်ကြောင်း ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။
မြန်မာ နိုင်ငံသို့ လေဆိပ် ဝင်ပေါက် များမှ ဧည့်သည် ဝင်ရောက် မှုမှာ၂ဝဝ၆ ခုနှစ်တွင် ၂၆၃,၃၁၄ ဦး၊ ၂ဝဝ၇ ခုနှစ်တွင် ၂၄၈,ဝ၇၆ ဦး၊ ၂ဝဝ၈ ခုနှစ်တွင် ၁၇၇,ဝဝဝ ဦး၊ ၂ဝဝ၉ ခုနှစ်တွင် ၂၂၇,၄၂၄ ဦး စသည်ဖြင့် ဝင်ရောက်ခဲ့ ကြောင်း မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်း၏ စာရင်း အရ သိရသည်။ အာဆီယံ နိုင်ငံ များတွင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု အများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး လူဦးရေ သန်း ၆ဝ ကျော် နှင့် ၁၉၈,၄၅၅ စတုရန်းမိုင် အကျယ် အဝန်း ရှိ၍ ၂ဝဝ၈ ခုနှစ်တွင် ခရီးသည် ၁၄ သန်းကျော် ဝင်ရောက်မှု ရှိကာ ၄င်း၏ ဖြစ်ပေါ် နေသော နိုင်ငံရေး လှုပ်ရှား မှုများကြောင့် ခရီးသည် အဝင် ထိခိုက်မှု မရှိစေရန် ဗီဇာ ကင်းလွတ်ခွင့် ပေးခြင်း၊ လေယာဉ် ရပ်နားခ လျှော့ချ ပေးခြင်း၊ ထိခိုက် ဒဏ်ရာ ရပါက ပေးအပ်မည့် နှုန်းထား သတ်မှတ်ခြင်း စသည် တို့ကို မကြာသေးခင်က ပြုလုပ် လိုက် ကြောင်း မတ်လ (၂၂) ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။
၂၇ . ၃ . ၂၀၁၀
|

0 comments:
Post a Comment