Navigation - link to other main sections from here


ယာဉ်တိုက်မှု ကြောင့် ထိခိုက် ဒဏ်ရာ ရသူများ မည်သည့် ဆေးရုံတွင် မဆို အရေးပေါ် စောင့်ရှောက်မှု ရရန် ဥပဒေ ပြဋ္ဌာန်းသင့်ဟု ဆို


ယာဉ်တိုက်မှု ဖြစ်ပွား ပြီးနောက် ထိခိုက် ဒဏ်ရာရသူများ အနေဖြင့် မည်သည့် ဆေးရုံတွင် မဆို အရေးပေါ် စောင့်ရှောက်မှု ခံယူ ရရှိ စေရန် ဥပဒေ ပြဋ္ဌာန်း ပေးသင့်ကြောင်း ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အရိုးရောဂါ ပညာဌာန ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ မြင့်သောင်းက ၂၀ - ၁၀ -၂၀၁၀ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသော ဒုတိယ အကြိမ် ယာဉ်မတော်တဆမှု လျော့နည်း ကျဆင်းရေး အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ကမ္ဘာလုံး ဆိုင်ရာ ယာဉ် မတော်တဆမှု ကြောင့် သေဆုံး၊ ဒဏ်ရာ ရသူများ အမှတ် တရနေ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်း အနားတွင် ပြောသည်။

“ အရေးပေါ်ကုသဖို့ လိုအပ်တဲ့ လူနာတွေဟာ အချိန်မီ ပြုစုကုသဖို့ လိုအပ်ပါတယ်။ ဥပမာ ရွှေဂုံတိုင်နားမှာ ကားတိုက်မှုဖြစ်ပြီး ဒဏ်ရာ ရတယ်။ အနီးနားက ဆေးရုံမှာ တင်ပေမယ့် ရဲမှုဖြစ်လို့ ရန်ကုန် ဆေးရုံကြီးသွားပါ ပြောတယ်။ ဆရာဝန်အနေနဲ့လည်း လူနာကိုမတို့ရဲ မထိရဲဖြစ်နေတယ်။ ဒါကြောင့် မည်သည့် ဆေးရုံုံမဆို၊ မည်သူမဆို အရေးပေါ်စောင့်ရှောက်မှုကို လုပ်လို့ရနိုင်အောင် ဥပဒေပြဋ္ဌာန်းဖို့ လိုပါတယ်။ အရေးပေါ် အခြေအနေမှာ ဆေးရုံရွေးနေလို့ မရဘူး။ နီးစပ်ရာဆေးရုံကို တစ်နာရီအတွင်းမှာပဲ ပို့နိုင်ရင်ပဲ ကောင်းနေပါပြီ ” ဟု ယင်းက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် တစ်နာရီမှ နှစ်နာရီ ကြာကာလအတွင်း ၅၀ ရာခိုင်နှုန်းမှာ သေဆုံးနေပြီး၊ ၃၅ ရာခိုင်နှုန်းမှာ လမ်းခရီးမှာပင် သေဆုံးနေကြောင်း သိရသည်။ “ အရေးပေါ် လူနာတွေအနေနဲ့ ကျွန်တော်တို့ ဆရာဝန်တွေ ရှိပါစေဦး ရှေးဦး သူနာပြုစုမှုကို မရခဲ့ရင် ဆေးရုံရောက်ရင်လည်း အသက်ရှင်ဖို့ ပိုခက်ခဲပြီး၊ အသက်ကယ်နိုင်ခဲ့ရင်လည်း ရလဒ်မကောင်း တာတွေ တွေ့ရပါတယ် ” ဟု ၎င်းက ဆက်လက် ပြောပြသည်။

၃၀ . ၁၀ . ၂၀၁၀
မောင်ငယ်
© ပြည်မြန်မာ

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats