ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်တင်းရန် မြန်မာနိုင်ငံမှ လျှပ်စစ် ဓာတ်အား ၅၇၅ မဂ္ဂါဝပ်ခန့် ဖြန့်ဖြူး ရောင်းချ နိုင်ရေး အတွက် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ နှစ်ရုံ တည်ဆောက်ရန် နှစ်နိုင်ငံ သဘောတူညီ ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ မကြာသေးမီက လာရောက် လည်ပတ်စဉ် အတွင်း နယ်စပ် ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား ရောင်းချမည့် အစီအစဉ် သဘော တူညီချက် ကို ရရှိ ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ် ဝန်ကြီးက ပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်း စာတစ်စောင်က ဖော်ပြသည်။နှစ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရောင်းဝယ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို လက်မှတ်ရေး ထိုးရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ လာရောက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ ကိစ္စအတွက် ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဝန်ကြီး နှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဝေရေး အဖွဲ့မှ တာဝန်ရှိသူ များသည် အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနဝန်ကြီး ဦးဇော်မင်းအား သြဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ခဲ့သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ နှင့် ၇၅ မဂ္ဂါဝပ်အသီးသီး ထုတ်ယူရရှိမည့် ဓာတ်အားပေးစက်ရုံ နှစ်ရုံကို ရခိုင်ပြည်နယ် မိချောင် နှင့် လမ်ရို ဒေသတို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။ ယင်း ဒေသ များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ကမ်းခြေဒေသ နှင့် နီးစပ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၁ . ၉ . ၂၀၁၀
|

0 comments:
Post a Comment