အင်တာဗျူး တစ်ခုမှာ "သမိုင်းကို ဘာကြောင့် သင်ရတာလဲလို့" မေးတဲ့ သူကို "မအအောင်" လို့ ဖြေခဲ့တဲ့ သမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်း ရဲ့ မြန်မာ့ သမိုင်း အပေါ် အင်္ဂလိပ် ဘာသာနဲ့၊ သုံးသပ် ရေးသား ခဲ့တဲ့ စာအုပ် ဖြစ်တဲ့ A Modern History of Myanmar,1752-1948 ကို ဆရာကြီး ကွယ်လွန်တဲ့ ငါးနှစ်မြောက် အမှတ်တရ အဖြစ် လောက အလင်းစာအုပ် တိုက်ကနေ ပထမ အကြိမ် ထုတ်ဝေ လိုက်ပါပြီ။" ကုန်းဘောင်ခေတ် အစ ကနေ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရတဲ့ အထိ သမိုင်းကို တိုတို ရှင်းရှင်းနဲ့ ဆရာ ဒေါက်တာ သန်းထွန်းက ဝေဖန်ချက်၊ မှတ်ချက် တွေ ပေးထားတယ်။ အထူး သဖြင့် ဒီစာအုပ် ထဲမှာ ဆရာက ကုန်းဘောင်ခေတ် ကို ပို အလေးပေး ရေးထားတယ်။ ကုန်းဘောင်ခေတ် ရဲ့ နိုင်ငံခြား ဆက်ဆံရေး၊ အုပ်ချုပ်ရေး ကို အသေးစိတ် ရေးထားတယ်။ ကိုလိုနီခေတ် ဆိုလည်း ဘက်ပေါင်းစုံ ကနေ သုံးသပ်ထား တာတွေပါ တယ်' လို့ ဒေါက်တာသန်းထွန်း အမှတ်တရ စာအုပ်နဲ့ ပတ်သက်လို့ လောကအလင်း စာအုပ်တိုက်မှ စီစဉ်သူ မောင်ဇေယျာက ပြောပါ တယ်။
လာမယ့် နိုဝင်ဘာလမှာ ဒေါက်တာ သန်းထွန်း ကွယ်လွန် ခဲ့တာ ငါးနှစ် ပြည့်မှာ ဖြစ်ပြီး “A Modern History of Myanmar,1752-1948” စာအုပ်ဟာ ဆရာ မကွယ်လွန်ခင် အင်္ဂလိပ် ဘာသာနဲ့ ရေးသား ခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ လောကအလင်း စာအုပ်တိုက်က မြန်မာလိုရော အင်္ဂလိပ် ဘာသာနဲ့ပါ နှစ်မျိုး ထုတ်ဝေ ပါတယ်။ မြန်မာပြည် အကြောင်း သမိုင်းပဲဖြစ် ဖြစ်၊ ယဉ်ကျေးမှုပဲ ဖြစ်ဖြစ် စာဖတ်သူ အတွက် အကျိုး ရှိမယ်လို့ ထင်တဲ့ စာပေ မျိုးတွေကို ရှာပြီး ရွေးထုတ် ချင်တယ်။
ဒါကြောင့် သမိုင်း၊ ယဉ်ကျေးမှု စတာ တွေကို ဦးစားပေး ထုတ်သွား မှာပါ"လို့ မောင်ဇေယျာက ဆိုပါတယ်။ လောကအလင်း စာအုပ်တိုက် ကနေ အင်္ဂလိပ်ဘာသာနဲ့ ဦးသန့် ရေးခဲ့တဲ့ View from My School Window & UN၊၊ ဒေါက်တာ နိုင်ပန်းလှ ရေးခဲ့တဲ့ Archaeological Aspects of Pyu, Mon, Myanmar နဲ့ A Short Mon History စာအုပ် တွေကို ဆက်လက် ထုတ်ဝေ သွားဦးမယ်လို့ သိရကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၉ . ၉ . ၂၀၁၀
|

0 comments:
Post a Comment