Navigation - link to other main sections from here


ကချင်ပြည်နယ်၊ နန့်စီးအောင်၌ ကားတန်းကြီး ရှည်လျား စွာ ရပ်စောင့် နေခဲ့ ရမှု


မန္တလေးမှ မြစ်ကြီးနား သို့ တိုက်ရိုက် ဖြတ်သန်း သွားလာ နိုင်သော ပြည်ထောင်စု လမ်းမကြီးက မိုးတွင်း အချိန် ရောက်လာသည် နှင့် ချောင်းကူး၊ မြောင်းကူး များ၏ ရေစီး၊ ရေလာ များကြောင့် အချိန် ပိုမို ကြန့်ကြာစွာ မောင်းနှင် နေကြ ရသော မော်တော်ယာဉ်များ အဖို့ ယခုအခါ နန့်စီးအောင် - လေကုန်း တံတား အဝင်၌ ရှိသော မုခ်ဦး ဆိုင်းဘုတ်ကြီး တစ်ခု တည်ဆောက် နေမှု နှင့် ကြုံကြိုက် နေရပြီး ယာဉ်ကြော နှစ်ဘက်လုံးမှ ဖြတ်သန်း သွားလာ နေကြ ရသော ကားမျိုးစုံ တို့မှာ ပြည်ထောင်စု လမ်းမကြီးအား မဖြစ် မနေ ရှောင်ကွင်း ပြီးမှ ပေကုန်း ရွာထဲ မှသာ ဖြတ်သန်း မောင်းနှင် နေကြသည် ဖြစ်သောကြောင့် ပေကုန်းရွာ၏ ပေတစ်ရာ လမ်းမကြီးကလည်း မော်တော်ယာဉ်ကြီး၊ ငယ်မျိုးစုံတို့ တစ်စီးပြီး တစ်စီး အသွား၊ အပြန် မောင်းနှင် နေကြသည် ဖြစ်သည် နှင့် အညီ မြေသားလမ်း တို့က ခံနိုင်ရည် လျော့နည်းလျက် ရှိခဲ့သည်။

ပေကုန်း ရွာထဲမှ ဖြတ်သန်း သွားလာရမှု အတွက်လည်း ကား တစ်စီးကို (၃ဝဝဝ) ကျပ် ဝန်ဆောင်၍ သွားလာ ခဲ့ရသည် ဟု ယာဉ်မောင်း တစ်ဦးမှ ပြောသည်။ ထို ပေကုန်း ရွာ၏ လမ်းမပေါ်ဝယ် ကားတွေက အစီးရေ မြောက်မြားစွာ မရပ်မနား ဆိုသလို မောင်းနှင် ကြသည့် အတွက် မူလက ခြေဟန် လက်ဟန် မပျက် ညီညာ ပြန့်ဖြူး နေခဲ့သော မြေသားလမ်း တို့မှာ မိုးရေတွေက ဖွေးဖွေးလှုပ်အောင် ရွာချလိုက်၊ ကားတွေက ဖြတ်လိုက် နှင့် ကြုံဆုံ ကြရသည် ဖြစ်ရာ လမ်းတစ်လျှောက် ရွှံ့ဗွက်ကြီးများ မြင်မကောင်းအောင် ပုံပျက် ပန်းပျက် ဖြစ်ပြီး ကုန်တင်ကားကြီးတွေ ဆိုလျှင် နောက်ဘီးကြီး တွေက မြေကြီး ထဲသို့ ဘီးတစ်ဆုံး နစ်မြုပ်သွား ရပြီး မရုန်းနိုင်၊ မထွက်နိုင် ကသီလင်တ ဖြစ်နေကြရပုံများ ကိုလည်း တွေ့မြင် နေခဲ့ ရသည်။

ဇွန်လဆန်းပိုင်းက ဆိုလျှင် ကုန်တင်ကားကြီး တစ်စီးမှာ မြစ်ကြီးနားဘက်ဆီ ချီတက် ရမည် ဖြစ်၍ ပြည်ထောင်စု လမ်းမကြီးအား ကွေ့ရှောင်ပြီးမှ နန့်စီးအောင် မရောက်မီ ပေကုန်း ရွာထဲရွာ လမ်းမအတိုင်း နန့်စီးအောင် ချောင်းထဲသို့ ဖြတ်သန်းရန် ချောင်းဆီသို့ ကွေ့အဆင်း တွင် မရှုမလှ တိမ်းမှောက် သွားခဲ့ ရသော ဖြစ်စဉ် ကလည်း ရှိခဲ့သည်။ ကားတွေ မရပ်မနား သွားလာနေကြရချိန်ဝယ် ကားတစ်စီး တစ်လေ ရွှံ့ဗွက်ထဲ ရုန်းမရအောင် နစ်မြုပ် နေခဲ့ရမှု ဖြစ်ပေါ် ရသည် နှင့် တခြားသော ကားတွေလည်း တစ်သီ တစ်သန်းကြီး သူ့အလှည့်၊ ကိုယ့် အလှည့် ရောက်ရှိ ဖို့ရာ ယာဉ်ကြော နှစ်ဖက် စလုံးက အလှည့် ရောက်မည့် အချိန်ကို မပျင်းမရိ ရပ်တန့် စောင့်ဆိုင်း နေခဲ့ ကြရသော ကချင်ပြည်နယ်သွား တောလား တစ်ပုဒ် အဖြစ် သနစ် တို့မှာ ကဗျာ မဆန်သော မြင်ကွင်းများသာ ဖြစ်ခဲ့ ရသည်။

ထိုကဲ့သို့ ကားတွေခမျာ မပျင်း မရိ ထွက်ခွာ ရနိုးနိုး အလှည့် ရောက်ဖို့ စောင့်စား နေကြ ရချိန်၌ ယာဉ်ကြော၏ တစ်ဖက် တစ်ချက်စီတွင် ကားအစီးရေ (၅ဝ) ကျော် အထိ ရှိနေခဲ့ရာ နေ့ဘက်ကနေ ညဘက်များ အထိ ဘုရားပွဲလှည့် သကဲ့သို့ စီတန်း နေခဲ့ကြသည်မှာ မယုံချင်စရာတောင် ဖြစ်ရပါသည်။ သြော် ကားသမား တို့၏ ဟိုင်းဝေးခရီး အတွေ့အကြုံတို့က ခန္တီစ- သည်းခံခြင်း တရား လက်ကိုင်ပြု ကြရသည် ဖြစ်၍ တရား နှင့် မဝေးဟု ကောက်ချက် ချမည်ဆိုက ချနိုင်သည်။



ယဉ်ယဉ်သိန်း(နဘား) | လျှပ်တပြက်
၁၆ . ၈ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats