နိုင်ငံ တကာ ဈေးကွက် တွင် ရွှေဈေး များ ပြန်လည် မြင့်တက် မှုကြောင့် ပြည်တွင်း ရွှေဈေးကွက် တွင် ရွှေဈေးနှုန်းများ မြင့်တက် သွားပြီး အခေါက်ရွှေ တစ်ကျပ် သားလျှင် ငွေကျပ် ခြောက်သိန်း ကျော် သွားကြောင်း ရန်ကုန် သီးသန့် ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိ ရသည်။ အမေရိကန် ဒေါ်လာ နှင့် မြန်မာငွေ လဲလှယ်နှုန်း ထားတွင် အမေရိကန် ဒေါ်လာ တန်ဖိုး ကျဆင်းလျက် ရှိကြောင်း၊ ကန်ဒေါ်လာ တန်ဖိုး ကျဆင်း သော်လည်း နိုင်ငံတကာ ဈေးကွက်တွင် ရွှေဈေးနှုန်းများ မြင့်တက် မှုကြောင့် မြန်မာ့ ရွှေဈေး များပါ မြင့်တက် လာကြောင်း ရန်ကုန် သီးသန့် ရွှေဈေး ကွက်မှ ဝါရင့် ရွှေကုန်သည်ကြီး တစ်ဦးက ပြောသည်။''ငွေမာ (အမေရိကန်ဒေါ်လာ) တန်ဖိုး ကျရင် ပြည်တွင်း ရွှေဈေး လိုက်ကျလေ့ ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာ ရွှေဈေးက တက်သွားတော့ ငွေမာတန်ဖိုး ကျလင့်ကစား ပြည်တွင်း ရွှေဈေးလိုက် တက်တာပါ'' ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ အစိုးရ လေလံကြေး သွင်းသူများ ငွေဖော် လိုမှုကြောင့် စုဆောင်း ရွှေများ ထုတ်ရောင်းခဲ့ သဖြင့် ရောင်းလိုအား များပြား ခဲ့သော ပြည်တွင်း ရွှေဈေးကွက်မှာ ဧပြီလဆန်းပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ နီးကပ် လာချိန်တွင် အရောင်း အဝယ် ပြန်လည် ကောင်းမွန် လာပြီး ရွှေ အရောင်း အဝယ် ပုံမှန် ရှိကြောင်း ဈေးကွက် သတင်း အချက် အလက် များအရ သိရှိ ရသည်။
အမေရိကန် ဒေါ်လာ နှင့် မြန်မာ ငွေလဲလှယ် နှုန်းထား မှာ ငွေလဲ ဒိုင်များတွင် သွားရောက် ရောင်းချမည် ဆိုပါက အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ၉၉ဝ ကျပ် ဈေးရှိပြီး ငွေလဲ ဒိုင်များ ထံမှ အမေရိကန် ဒေါ်လာ ဝယ်ယူမည် ဆိုပါက တစ် ဒေါ်လာ လျှင် ၁ဝဝဝ ကျပ်သာ ပေးရ ကြောင်း၊ FEC နှင့် မြန်မာ ငွေလဲလှယ် နှုန်းထားမှာမူ ငွေလဲ ဒိုင်များတွင် သွားရောက် ရောင်းချမည် ဆိုပါက FEC တစ်ယူ နစ်လျှင် မြန်မာငွေကျပ် ၉၉၅ ကျပ် ဈေးရှိပြီး ငွေလဲ ဒိုင်များထံမှ ဝယ်ယူမည်ဆိုပါက FEC တစ်ယူ နစ်လျှင် မြန်မာ ငွေ ၁ဝ၁၅ ကျပ်ဖြင့် ဝယ်ယူ ရကြောင်း ဧပြီလ ၆ ရက်နေ့ ဈေးကွက် အတွင်းမှ ရရှိသော သတင်းများ အရ သိရှိရသည်။
ပြည်တွင်း ရွှေဈေး နှုန်းမှာ မတ်လ ၃၁ ရက်နေ့က ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၉၅,ဝဝဝ ကျပ်ခန့် ရှိနေ ရာမှ ဧပြီလ ၆ ရက်နေ့တွင် ၅၉၈,ဝဝဝ ကျပ်၊ ဧပြီလ ၇ ရက်နေ့တွင် ၆ဝ၃,ဝဝဝ ကျပ်သို့ ရောက်ရှိ သွားကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
၉ . ၄ . ၂၀၁၀
|

0 comments:
Post a Comment