
အနုပညာရှင်တွေနဲ့ ပြည်တွင်း ပရိသတ်တွေ၊ ပြည်ပရောက် မြန်မာပရိသတ်ကို ပေါင်းကူးတံတား ဆက်သွယ်ပေးမယ့် ဆိုက်ဖြစ် တယ်လို့ သိရပြီး စီးပွားရေး လုပ်ငန်း ရှင်တွေ၊ ရုပ်ရှင် ဗီဒီယို ထုတ်လုပ်သူတွေ၊ ဒါရိုက်တာ တွေအနေနဲ့ ဒီဆိုက်ကို ကြည့်ခြင်း အားဖြင့် ကြော်ငြာရိုက်၊ ဇာတ်ကားရိုက်တွေ အတွက် အဆိုတော်၊ သရုပ်ဆောင်တွေ ရွေးချင်တယ် ဆိုရင် ဒီဆိုက်ကနေ တစ်ဆင့် စိတ်ကြိုက် ရွေးချယ် နိုင်တယ် လို့ သိရပါတယ်။
"ဒီဆိုက်က အေဂျင်စီ ၀င်လုပ် ပေးတာ မျိုးတော့ မဟုတ်ဘူး။ အနုပညာရှင်တွေအတွက် ကျွန်တော်တို့က ကိုယ်ပိုင် ၀က်ဘ်ဆိုက်တစ်ခု ရေးသား လိုက်တာပါ။ ကျွန်တော်တို့က ၀က်ဘ် ရေးခ ရတယ်။ ဒီသဘောပါပဲ"လို့ ဦးဇော်လင်း က ရှင်းပြပါတယ်။
"အစကတော့ မော်ဒယ်တွေကိုပဲ စုစည်း ဖော်ပြမယ်လို့ စီစဉ်ထားတာ။ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ ကပါ စိတ်ဝင်စား လာကြ တော့ သူတို့ကိုပါ ထည့်ဖြစ်သွားတာ။ နောက်ဆိုရင်တော့ domain name ကိုလည်း လိုက်လျော ညီထွေ ဖြစ်အောင် ပြောင်းသွား မှာပါ"
beautifulmodelworld.com မှာ အနုပညာရှင်တွေ အကြောင်း အပြင် အဆိုတော်တွေနဲ့ ထုတ်လုပ် သူတွေက တရားဝင် Free Download လုပ်ခွင့် ပြုထားတဲ့ sample သီချင်းတွေကိုလည်း ချိတ်ပေးထား သလို ပရိသတ်တွေ စိတ်ဝင်စားမယ့် မေးခွန်းလေးတွေ မေးတဲ့ အစီအစဉ်လေးတွေလည်း မြိုင်မြိုင် ဆိုင်ဆိုင် ထည့်သွင်း ထားတယ်လို့ သိရပါတယ်။
အနုပညာရှင်တွေ အတွက် ပရိသတ်နဲ့ ဆက်သွယ်မှု ကဏ္ဍဟာ အရေးပါလှတာမို့ သူတို့တွေရဲ့ အကြောင်းကို ပရိသတ်တွေ ဖတ်ရှု သိရှိနိုင်အောင် စုစည်း ဖော်ပြပေးတဲ့ ၀က်ဘ်ဆိုက်မျိုး ရှိတာ အရမ်း ကောင်းတယ်လို့ ၀က်ဘ်ဆိုက် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် ခရစ္စတီးနားက ဆိုပါတယ်။
"ကိုယ်က အမြဲတမ်းအလုပ်တွေလည်း လုပ်နေတော့ အင်တာနက်လည်း သိပ်မသုံးဖြစ်ဘူး။ အဲဒါကြောင့် အဲလို ၀က်ဘ်ဆိုက် တစ်ခုရှိတာက ကိုယ်လုပ် နေတဲ့အလုပ်တွေကို အမြဲတမ်း တင်ပြပေးတယ်ဆိုတော့ ကိုယ်လုပ်နေတာတွေက ပြည်တွင်းက ပရိသတ်တွေ၊ နိုင်ငံရပ်ခြားက ပရိသတ်တွေ အကုန်လုံးနဲ့ အဆက်မပြတ်တော့ဘူးပေါ့" လို့ သူက ဆိုတယ်။
ဆိုက်အဖွဲ့ဝင်တစ်ဦးအနေနဲ့ လက်ရှိ မှာ ဘယ်လို အကျိုး ကျေးဇူးတွေ ရရှိနေ ပြီလဲလို့ ခရစ္စတီးနားကို ထပ်မေးကြည့်တော့ "အခုလောလောဆယ် လွှင့်တင် ခါစဆိုတော့ သေသေချာချာတော့ feedback မကြားရသေးဘူး။ နောက်ပိုင်းမှာတော့ ထူးခြားမှု တစ်ခုခုတော့ ရလာ လိမ့်မယ်လို့ ထင်တယ်"လို့ ဆိုပါတယ်။
ဒီလို ၀က်ဘ်ဆိုက်တွေ ရှိလာတော့ အနုပညာချစ် ပရိသတ်ကြီး အတွက် စိတ်ဝင်စားစရာ ဖြစ်သလို အနုပညာသည်တွေ အားလုံး အတွက်လည်း ဘယ်သူတွေ ဒီဆိုက်ပေါ်ကို တက်လို့ရလဲ ဆိုတာဟာလည်း စိတ်ဝင် စားစရာ ပါပဲ။
"အနုပညာ လှုပ်ရှားမှု တစ်ခုခုကို လုပ်နေတဲ့သူ ဆိုရင်တော့ ပါဝင်လို့ ရတယ်။ ပြီးတော့ အနုပညာ လှုပ်ရှား မှုတော့ မရှိသေးဘူး။ မော်ဒယ် သင်တန်းကျောင်း ဆင်းပြီးသွားပြီ ဆိုရင် မျက်နှာသစ် အနေ နဲ့ ပါဝင်လို့ ရပါတယ်။ အနုပညာသည်လည်း မဟုတ်ဘူး၊ လှုပ်ရှားမှုလည်း မရှိသေးတဲ့ အပြင် အနုပညာနဲ့ ပတ်သက်တဲ့ ကျောင်း ဖြစ်ဖြစ် တက်ထားတာမျိုး မရှိဘူး၊ ဆက်နွှယ်မှု မရှိဘူး ဆိုရင်တော့ ဒီဝက်ဘ်ဆိုက် ထဲမှာ ပါလို့ မရပါဘူး"လို့ ဦးဇော်လင်းက ဆိုပါတယ်။
ဒီလိုဆိုရင် ဒီဝက်ဘ်ဆိုက်ဟာ ပရိသတ် စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေသူ မျက်နှာသစ် အနုပညာရှင် တွေ အတွက် နေရာကောင်း တစ်ခု လို့ ဆိုရမယ်။
http://www.beautifulmodelworld.com/ မှာ ပါဝင် ဖော်ပြ ခံချင်တယ် ဆိုရင်တော့ အဖွဲ့ဝင်ကြေး၊ နှစ်စဉ် ကြေးနဲ့ ပြုပြင် ထိန်းသိမ်းရေး စရိတ်တွေကို ပေးသွင်း ရမှာ ဖြစ်ကြောင်း မြန်မာတိုင်း (မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၂၇ . ၄ . ၂၀၁၀
|

0 comments:
Post a Comment