Navigation - link to other main sections from here


တုတ်ဖြင့် ရိုက်ပြီး ခိုင်းစေသည့် အစား အစာ စက်ရုံ မှ အလုပ်သမားများ ထွက်ပြေး


ဘန်ကောက်မြို့ အနီး မဟာချိုင်၊ ကောကနိုင် ဘုန်းတော်ကြီးကျောင်း အနီးရှိ လစ်ကိုင် လုံးချင်း အစား အစာ ထုတ်လုပ် သည့် အလုပ် ရုံတွင်၊ လုပ်ငန်းရှင်က တုတ်ဖြင့် ရိုက်နှက် ခိုင်းစေ ခြင်းများ အပြင် အခြား အလုပ်သမား အခွင့် အရေး ချိုးဖေါက် ခြင်းများ ကြောင့် မြန်မာ အလုပ်သမားများ ထွက်ပြေး ကြသည်။ ယမန်နေ့ နံနက စောစော လင်းအားကြီး ၄ နာရီ အချိန် ခန့်တွင် မြန်မာ အလုပ် သမား ၁၅ ဦးခန့် ထွက် ပြေးရန် အတွက် အဆောင်၏ ခေါင်မိုး ပေါက်မှ ကျော်တက်စဉ် လုပ်ငန်းရှင် နိုးလာ သဖြင့် အားလုံး နီးပါး အဖမ်းခံ ရသည်။

ကံကောင်း စွာဖြင့် ကရင်ပြည်နယ် ဘားအံမြို့ မှ ကရင် အလုပ်သမား လင်မယား ၂ ဦး လွတ်မြောက် လာခဲ့သည်။ ထွက်ပြေး လွတ်မြောက် လာသည့် ကိုမျိုးက“သူဌေးက လူလို မခိုင်းဘူး၊ နောက် က တုတ် တစ်ချောင်း ကိုင်ပြီး အော်နေတယ်၊ ဆဲနေတယ်၊ ကျနော့်ရှေ့မှာ ရိုက်တာ သုံးလေးယောက် ရှိပြီ၊ တုတ်နဲ့ ရိုက်ပြီးမှ ခိုင်းတာ ၊ မနက် ၆ နာရီ ကျော် ကတည်းက လုပ်ရတာ ညနေ ၈ နာရီ အထိပဲ ၊ တစ်နေ့ ကို ဘတ် ၁၂၀ ပေးတယ် ။ သူ ပေးတာပဲ စားရတယ်၊ ဖုန်းလည်း မကိုင် ရဘူး၊ ဖုန်းတွေ့ရင် သိမ်းယူ သွားတယ် ။ စကားလည်း မပြော ရဘူး၊ ငရဲ ခံနေ ရသလို ပဲဗျာ၊ လူတွေ အကုန်လုံး နယ်စပ်ကို ပဲရောက်ရောက်၊ ထောင်ပဲ ကျကျ ဒီနေရာက လွတ်ရင်တော်ပြီ အဲလိုကို ဖြစ်နေ တာပါ။ စိတ် ဒုက္ခတွေ ရောက်နေ ကြပါတယ်” ဟုပြောသည်။

အဆိုပါ အလုပ် ရုံတွင် ၁၈ နှစ်အောက် ယောက်ျား ကလေး ၄ ဦး နှင့် မိန်းကလေး ၃ ဦး တို့ အပါ အ၀င် အလုပ် သမား စုစုပေါင်း ရ၀ ခန့် ရှိမည်ဟုပြောသည်။ ကိုမျိုး၏ ဇနီး တင်မာဖြိုးက “ ကျမတို့ အလုပ် လုပ်တာ ၂ လ ကျော်ပါပြီ တစ်ယောက် ကို ၁၆၀၀၀ နဲ့ ဈေးဖြတ်ပြီး မဲဆောက်က တက်လာ ပေမယ့် ဒီရောက်တော့ ၁၇၀၀၀ ဘတ် ပေးရမယ် ဆိုပြီး ပြောပါတယ်။ ခေါ်လာ တုန်းက တစ်နေ့ ကို ဘတ် ၂၀၀ ရမယ် ၊ တစ်လကို နှစ်ထောင်၊ သုံးထောင် ဖြတ်မယ် ၊ ဖြည်းဖြည်း ဆပ်ရင် ရတယ်။ ဘတ်လုပ် ပေးမယ် အလုပ် သက်သာတယ်၊ လုံးချင်းရုံ ဆိုပြီး ခေါ်လာတာ၊ ဒီရောက်တော့ တခြားစီ ဖြစ်နေတယ် ၊ ဖျားလို့ လည်း မနားရဘူး၊ ထမင်း စားရင် အခန်းပြန် မစား ရဘူး၊ ထိုင်းပြီး တော့လည်း မစားရဘူး၊ ဟိုနား ၊ ဒီနား မတ်တတ်ပဲ စားရတယ် ၊ တစ်နေကုန မတ်တတ် ရပ်လို့ ညောင်းညာ လို့ ခဏ ထိုင်းချင်ရင် အိမ်သာ ထဲမှာ သွားပြီး ထိုင်ရတယ်” ဟု ပြောသည်။

အဆိုပါ လင်မယား ၂ ဦးတို့ မှာ လွတ်မိ လွတ်ရာ စွတ်ပြေးရင်း ရေမြောင်းပေါက် တစ်ခုမှ ထွက်ပြေး လာခဲ့သည်။ ထို့နောက် လမ်းမကြီး တဖက် ကမ်းမှ မြန်မာ အလုပ်သမား လင်မယား အခန်းတွင် တစ်နေကုန် ပုန်းခို နေခဲ့ ရပြီး တရွာ တည်းသား ကို သန်းဇော်ထွေး ကို ဖုန်းဆက် အကူ အညီ တောင်းခဲ့ သည်။

ကိုသန်းဇော်ထွေး က “ ကျနော်လည်း သူတို့ ကို ညဥ့် ၈ နာရီလောက်မှာ ဆိုင်ကယ် ငှါးပြီး သွားခေါ် လိုက် ပါတယ်၊ နောက် လုံခြုံတဲ့ နေရာမှာ ပြောင်းပေး လိုက်ပါတယ်၊ ဒီနေ့ မနက်က ကျနော် အခြား လူတွေ အခြေ အနေကို ကြည့်ရင်း အလုပ်ရုံကို ဓါတ်ပုံ ရိုက်ဖို့  ကျနော် နဲ့ သူငယ်ချင်း တစ်ယောက် ဆိုင်ကယ် ငှါးပြီး သွားကြ ပါတယ်၊ နတ်ကလိန် ( ထိုင်းလမ်းသရဲ ) ၂ ယောက် ထိုင်းရဲယောင် ဆောင်ပြီး ကျနော့် ဖုန်းကို လိုက်လုလို့ ပြေးခဲ့ ရတယ်ဗျာ၊ ဒီနေ့ဆို အဲဒီ အလုပ်ရုံ ကို အကုန်လုံး သွပ်ပြား တွေနဲ့ ခြံအမြင့်ကြီး ခတ်လိုက်ပြီ ဓါတ်လိုက် စေတဲ့ ကြိုးတွေ နဲ့ ခြံပေါ်မှာ တင်ထားပြီး ၊ အတွင်းက လူတွေကို ကယ်တင် ပေးကြ ပါဗျာ ” ဟု ပြောသည်။

အဆိုပါ အလုပ်ရုံ ဆိုင်းဘုတ် တွင် ကြယ်ငါးပွင့် နှင့် ငါး ၂ ကောင် အရုပ် ရေးဆွဲ ထားပြီး လစ်ကိုင် ဟု ရေးထိုး ထားသည်။ အလုပ် သမားများ ၀တ်စုံမှာ ကြယ်ငါးပွင့် ငါးနှစ်ကောင် ပုံပါ မိုးပြာရောင် ရှပ်လက်တို အကျီ နှင့် မိုးပြာရောင် ဦးထုတ် များကို ၀တ်ဆင် ရသည်။ ယနေ့ နံနက် ပိုင်းက သတင်း ဓါတ်ပုံ ရယူရန် သွားရောက် ခဲ့စဉ် အနီး အနားမှ လူအချို့ ယမန် နေ့က ဖမ်းမိသော အလုပ် သမားကို လုပ်ငန်းရှင်က ရိုက်နှက် သဖြင့် အော်ဟစ် သံများ ကြားရကြောင်း ၊ အဆိုပါ လုပ်ငန်း ရှင်မှာ အထူး ကြမ်းတမ်းသူ ဖြစ်သဖြင့် အလုပ် သမားများ မြဲမြံလေ့ မရှိပဲ မကြာ ခဏ ယခု ကဲ့သို့ ထွက်ပြေးလေ့ ရှိကြောင်း ပြောပြ ကြသည်။ ထွက်းပြေး လိုသည့် လူများကို မဟာချိုင် ရဲများကို ခေါ်ပြီး ဖမ်းခိုင်းလေ့ ရှိကြောင်း၊ မိသားစု များကို လုပ်ငန်းရှင် ၀ယ်ယူ ထားသော ငွေများ အပြင် ပုလိပ် ကျေးများ ပါ စုစုပေါင်း ဘတ် ၂၀၀၀၀ ပေး မှ နယ်စပ် သို့ ဖမ်းဆီး ပြန်ပို့ သည်များလည်း ရှိကြောင်း ပြောပြ ကြသည်။ မဟာချိုင် နယ်မြေ သည် ထိုင်းရဲများ ငွေညှစ် တောင်းခံမှု၊ လူကုန် ကူးမှုများ အထူး များပြားပြီး အလုပ်ရုံ ထဲတွင် ပိတ်လှောင် ခိုင်းစေ မှုများ အပါ အ၀င်အလုပ် သမား အခွင့် အရေး ချိုးဖေါက် မှုများ ထူပြောသော နယ်မြေ ဖြစ်သည်။ မြန်မာ အလုပ်သမား သိန်းချီ ရှိပြီး ဒေသ အခြေစိုက် ကျမ္မာရေး၊ ပညာရေး၊ အလုပ် သမား အခွင့် အရေး ဆိုင်ရာ အင်ဂျီအို အဖွဲ့ များလည်း ရှိသည်။


၁၂ . ၄ . ၂၀၁၀ | ကိုကျော်သောင်း (ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats