ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကုလသမဂ္ဂ ရုံးကြီး ရှေ့ တွင် စာသင်သား ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ရဟန်းတော်များနှင့် ထိုင်း၊နီပေါနှင့်မြန်မာ စာသင်သား စုပေါင်း၍ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ အတွင်း သာသနာရေးရာ များကို ကာကွယ် စောင့်ရှောက် ပေးရန် ဆန္ဒပြ တောင်းဆို ကြသည်။ မတ်လ ၅ ရက်နေ့ နေ့လည် ၁၀ နာရီကျော်မှ ၁၁ နာရီ ကျော် အထိ သံဃာတော် အပါး ၈၀ ခန့်တို့ လက်ကိုင် ပိုစတာများ ကိုင်ဆောင်ပြီး ဦးစွာ ချီတက် လမ်းလျှောက် ကြသည်။ ထို့ နောက် မေတ္တာပို့သ ကြပြီး ပိုစတာများ ကိုင်ဆောင်၍ ထိုင်သပိတ် ဆင်နွဲ့ကြသည်။
ဆန္ဒပြပွဲကို ဘန်ကောက်မြို့  ဖက်ကဆင်လမ်း ခွဲတွင် တည်ရှိသော ၀တ်တစ်လုံး ကျောင်းထိုင် ဆရာတော် ဘုရားကြီး ကိုယ်တိုင် ဦးစီးဆောင်ရွက်တော် မူသည်။ အဆိုပါ ကျောင်းထိုင် ပုဂ္ဂိုလ်မှာ နိုင်ငံခြား စာသင်သား များကို မေတ္တာ ဂရုဏာ ကြီးမား စွာဖြင့် လက်ခံ စောင့်ရှောက်တော် မူအပ်သော တစ်ပါး တည်းသော ထိုင်းလူမျိုး ဘုန်းတော်ကြီး ဖြစ်သည်။
ဆရာတော်က “ ငါ့တပည့်တွေရဲ့ ရွာတွေ၊ဘုန်းတော်ကြီး ကျောင်းတွေ၊ ဗုဒ္ခဘာသာဝင်တွေကို သတ်ဖြတ်တယ် ဆိုတာ သိရတယ်၊ ဓါတ်ပုံတွေ မြင်ရတယ်၊ သူတို့ တွေ စိတ်မချမ်းသာဘူး၊ ဒီ့ထက် ဆိုးတာက သာသနာတော်အတွက် အထူးစိုးရိမ် ရတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့  က နိုင်ငံတကာ မိသားစုတွေ ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြဖို့  လာရောက် တိုက်တွန်း ကြတာ ဖြစ်ပါတယ်” ဟု မိန့်တော်မူသည်။

ဆန္ဒပြ သံဃာတော်များ ကိုင်ဆောင် ထားသည့် ပိုစတာ များတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပြည်နယ် ၃ ခုတို့ တွင် မီးရှို့ဖျက်ဆီးခံရသည့် ဆင်းတုတော်များ၊ ကျောင်းများ၊ နေအိမ်များ နှင့် စိုက်ခင်း ပုံများကို ပြသ ရှင်းပြ ကြသည်။ ဘန်ကောက်မြို့ မှ ဘင်္ဂလား ဒေ့ခ်ျနိုင်ငံသား ရဟန်းတော်များသည် ပြီးခဲ့သော ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ဘန်ကောက်မြို့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသံရုံးရှေ့ တွင် ဆန္ဒ ပြခဲ့ကြပြီး ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ထုတ်ဖေါ် ဆန္ဒပြမှု မပြုလုပ်မီ အမေရိကန်၊ ယူကေ၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ နှင့် အခြား ကမ္ဘာ့နိုင်ငံ အချို့တို့ တွင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ အစိုးရ၏ အကာအကွယ်မဲ့မှုအောက် မူဆလင် ဘာသာဝင် အများစု တို့၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံနေကြရသည့် ဗုဒ္ဓဘာသာဝင်များ အခြေ အနေများကို သတင်းစာ ရှင်းလင်းပွဲများ၊ ဆန္ဒပြပွဲများ ဆင်ယင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ခ်ျ ရဟန်းတော်များ ကိုယ်စား နိုင်ငံတကာ မီဒီယာများ နှင့် ယူအင်ရုံး အတွင်းသို့  စာဝင်ရောက်ပေးခဲ့သည်ရဟန်းပျိုက “ မြတ်ဗုဒ္ဓ ပွင့်တော်မူတဲ့ အနောက် မဇ္ဈိမ ဒေသမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်လု နီးပါး ဖြစ်သွားခဲ့ရတယ်။ ခု ဦးပဇင်းတို့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မှာလည်း သာသနိက အဆောက် အဦးတွေ ကိုဖျက်ဆီး၊ လူတွေကိုသတ်၊ ဘုန်းကြီးတွေကို သတ်ပြီး နှိပ်ကွပ် နေမှုတွေဟာ သာသနာတော် ကွယ်မယ့် နမိတ်ပဲဖြစ်တယ်” ဟု မိန့် တော်မူသည်။ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့  ဆန္ဒပြပွဲကို ကြွရောက်လာသော ရဟန်းတော်များက မေတ္တာ သုတ်တော်ကို ပြိုင်တူ ပူဇော် ရွတ်ဖတ် သရဇ္ဈာယ်ကြပြီး မွန်းတည့် နီးပါးချိန်တွင် အောင်မြင့်စွာ ပြီးဆုံးခဲ့သည်။
၆ . ၃ . ၂၀၁၀ l ကိုကျော်သောင်း (ဘန်ကောက်)
|

0 comments:
Post a Comment