
'' မန္တလေး စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်ထဲမှာ ကလေး တွေကို အနိုင်ကျင့်၊ ဗိုလ်ကျ၊ ခေါင်းပုံဖြတ်ပြီး တောင်းရမ်း ခိုင်းနေတဲ့ အဖွဲ့ရှိတယ်လို့ သတင်း ရရှိ ထားပါတယ်။ ဒါပေမယ့် စုံစမ်း မှုတွေ ပြုလုပ်နေဆဲ ပါပဲ။ အဲဒီအဖွဲ့က ကလေးတွေကို နေရာတကာမှာ လိုက်တောင်း ခိုင်းပြီး ရလာသမျကို သူတို့က ယူပါတယ်။ အဓိကကတော့ မန္တလေး ဘူတာကြီး တစ်ဝိုက်၊ ၃၅ လမ်း ခုံးကျော် တံတား တစ်ဝိုက်နဲ့ လူစည်ကားတဲ့ နေရာတွေ၊ ဘုရားတွေမှာ တောင်းရမ်း ခိုင်းတာ များပါတယ်။ အခု အဲဒီအဖွဲ့ကို ဖော်ထုတ် အရေးယူ နိုင်ဖို့ လူမှောင်ခို တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ နဲ့လည်း ပူးပေါင်း လုပ်ဆောင်ဖို့ ဆက်သွယ်ထား ပါတယ်''ဟု ရဲမှူး သိန်းလွင်က ပြောပါသည်။
တောင်းရမ်း ခိုင်းသော သူများသည် ကလေးငယ် များထံမှ ရသည့် ပိုက်ဆံ များကို ညနေပိုင်း အပြန်တွင် အကုန် သိမ်းကျုံး ယူလေ့ ရှိသည်ဟု သိရကြောင်း၊ တစ်ခါ တစ်ရံတွင် နေ့လယ် နေ့ခင်း ပိုင်းတွင်ပင် တစ်ထောင် တန်များ ရရှိ ထားပါက လိုက်လံ သိမ်းယူလေ့ ရှိသည်ဟု သိရကြောင်း၊ မန္တလေး မြို့ပေါ်တွင် ထိုသို့ ခေါင်းပုံဖြတ်သော လူများ၊ အဖွဲ့များ မည်ရွေ့ မည်မျ ရှိသည် ကိုလည်း အတိ အကျ မသိရ သေးသော်လည်း တွေ့ရှိပါက ဖမ်းဆီး၍ လူမှောင်ခို တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ပို့ဆောင် အရေးယူ သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပါသည်။
တက္ကသိုလ် ကျောင်းသူ တစ်ဦးကလည်း '' အခု နောက်ပိုင်းမှာ တောင်းရမ်းတဲ့ ကလေးငယ်တွေ ပိုပြီးတော့ ပေါလာတယ်လို့ ထင်ရ ပါတယ်။ ပြီးတော့ ပိုက်ဆံ တောင်းတဲ့ နေရာ မှာလည်း ပိုပြီး ရဲတင်း လာသလို ပိုပြီး သနားအောင်လည်း လုပ်လာတာ တွေလည်း တွေ့ရ ပါတယ်။ ကျွန်မတို့ တက္ကသိုလ် နားက လက်ဖက် ရည်ဆိုင်မှာ ဆိုရင် တောင်းတဲ့ ကလေးတွေ ကို မကြာ မကြာကို တွေ့နေ ရပါတယ်။ တချို့ဆိုရင် အခု နောက်ပိုင်းမှာ ခြေသလုံးဖက် တောင်းတာတို့၊ ထိုင်ရှိခိုး တောင်းတာတို့၊ တချို့များ ဆိုရင် ငိုယို ပြီး တောင်းတာ တွေတောင် ရှိပါတယ်။ တချို့ လာတောင်းကြတဲ့ ကလေးငယ်တွေ ဆိုရင်လည်း နောက်ထပ် ကလေး တစ်ယောက်ကို ပခုံးပေါ် ပိုးပြီး လိုက်တောင်း နေတာတွေ ကိုတောင်မှ တွေ့နေရပါတယ်''ဟု ပြောပြပါသည်။
မန္တလေးမြို့ခံကျူရှင်ဆရာ တစ်ဦးက '' ကလေးငယ်တွေကို ခေါင်းပုံ ဖြတ်တဲ့ လူတွေဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အလွန် ညံ့ဖျင်းတဲ့ လူတွေလို့ ပြောလို့ ရသလို အလုပ်ကို လက်ကျော တင်းအောင် မလုပ်ချင်တဲ့ လူညွန့်စီး တွေလို့လည်း ပြောလို့ ရပါ လိမ့်မယ်။ ဒါကြောင့်လည်း သူတို့ ကိုယ်တိုင် အလုပ် မလုပ်ဘဲ လောကကြီး အကြောင်း ဘာမှ မသိသေးတဲ့ ကလေးငယ်ေ တွကို ခိုင်းစား နေတာပေါ့။ ကလေးငယ် တွေကို ဒီလို အနိုင်ကျင့် ခြင်းအားဖြင့် ကလေးတွေရဲ့စိတ်ဓာတ် တွေဟာ အကြောက်တရားကြောင့် ဖွံ့ဖြိုးမှု လမ်းစ နည်းလာ နိုင်ပါ တယ်'' ဟုပြော ပါသည်။
ကလေးငယ်များ တစ်ရက် တောင်းရမ်းရ ငွေသည်ကျပ် ၂၀၀၀ ၀န်းကျင် ရှိကြောင်း၊ ဘူတာကြီး အနီးတစ်ဝိုက်တွင်ပင် တောင်းရမ်းသည့် ကလေးငယ် ၁၅ ဦး ကျော်ကျော်ရှိ နေပြီး တစ်မြို့လုံး အတိုင်းအတာဖြင့် ဆိုပါက ကလေးငယ် ၅၀ ဦးကျော် ခန့်ပင် ရှိနိုင်ကြောင်း၊ အဆိုပါကလေး ငယ်များထဲမှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသော ကလေးငယ်များ ကိုလည်း လူမှု ၀န်ထမ်း ကယ်ဆယ်ရေး အဖွဲ့မှ ခေါ်ယူ ထိန်းသိမ်း ထားကြောင်း၊ အရွယ်ရှိ၍ သန်မာသော တောင်းရမ်း သူများကိုလည်း စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဌာန၊ လမ်းတံတားဌာန စသည့် ဌာနများတွင် အလုပ် အကိုင်များ ခန့်ထားလေ့ ရှိကြောင်းလည်း သိရှိ ရသည်။
တောင်းရမ်းနေသော ကလေးငယ်များသည် မန္တလေးတိုင်းတွင် သာမက ရန်ကုန်တိုင်း အပါအ၀င် အခြားသော ပြည်နယ်နှင့် တိုင်းအချို့ တွင်လည်း ရှိနေပြီး အဆိုပါ ကလေး များအား တွေ့ရှိပါက သက်ဆိုင်ရာ သို့ အကြောင်းကြား သင့်ကာ ကလေး ငယ်များ အတွက် သင့်လျော်သော အလုပ် အကိုင်များ ပေးနိုင်မည် ဆိုပါက ယခုကဲ့သို့ ဖြစ်ရပ်များ လျော့ကျ သွားနိုင်မည် ဖြစ်ကြောင်း ကလေး သူငယ်အခွင့် အရေးဆိုင်ရာ လေ့လာသူ အထက်တန်းရှေ့နေက ပြောကြား ခဲ့သည်။
၃ . ၃ . ၂၀၁၀ l Eleven Media
|

0 comments:
Post a Comment