Navigation - link to other main sections from here


ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ၌ တိုင်းရင်းသား ကလေးငယ် များပြားလာ


ကျောင်းအိပ် ကျောင်းစား လက်ခံကာ ပညာ သင်ကြား ပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် နယ်စပ် ဒေသများ မှ လာရောက် ကြသည့် တိုင်းရင်းသား ကလေးငယ်များ ပိုမို များပြား လာကြောင်း နာဂလိုဏ်ဂူ နှင့် ပိတောက် ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ စုံစမ်း သိရှိရ ပါသည်။ '' ကျောင်းကို ရပ်ကွက်တွင်းက ကျောင်းသား လေးတွေ အပြင် တခြား နယ်စပ် ဒေသက ကျောင်းသားလေး တွေလည်း ကျောင်းအိပ်၊ ကျောင်းစား အနေနဲ့ တက်ရောက်တဲ့ အတွက် တစ်နှစ်ထက် တစ်နှစ် ကျောင်းသား ဦးရေတွေ က များလာ ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းသားတွေ နေထိုင်တဲ့ အဆောင် တွေမှာ ကျောင်းသား ဦးရေက နှစ်စဉ် တိုးနေတဲ့ အတွက် ရှိသင့်တာထက် နှစ်ဆ ကျော်နေထိုင် နေရ ပါတယ်။ ကျောင်းဆောင်သစ် ဆောက်ဖို့ စီစဉ် နေပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မဆောက် နိုင်သေးပါဘူး'' ဟု ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ပါသည်။ ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ၁၉၅၈ ခုနှစ်က စတင် တည်ထောင် ခဲ့ပြီး ကျောင်းဖွင့်သည့် သက်တမ်း ၄၉ နှစ် ရှိပြီ ဖြစ်ကာ နှစ်စဉ် ကျောင်းသား တစ်ရာခန့် လာရောက် ပညာ သင်ကြား ကြကြောင်း သိရသည်။

''ကျောင်းဖွင့် စက နယ်စပ် ဒေသ ကလေးငယ်တွေ အတွက် အဓိက ရည်ရွယ် ဖွင့်လှစ်ခဲ့ ပေမယ့် ပညာသင် ကြားဖို့ အခက် အခဲရှိတဲ့ ကလေးငယ်တွေ အားလုံးကို လက်ခံပေး ပါတယ်။ ဘယ်လို ကလေး တွေကိုပဲ လက်ခံမယ် ဆိုတဲ့ သတ်မှတ် ချက်တွေ မရှိ ပါဘူး။ ယောက်ျားလေး၊ မိန်းကလေး အားလုံး သာသနာ့ဘောင် ၀င်စေပြီး စောင့်ရှောက် ပေးပါတယ်''ဟု နာဂလိုဏ်ဂူ ဆရာတော် လယ်တီ ဘဒ္ဒန္တဇာ ဂရာဘိဝံသက မိန့်ကြားတော် မူပါသည်။ နာဂလိုဏ်ဂူ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းကို ၁၉၉၃ ခု နှစ်တွင် ကလေးဝ ဆရာတော်မှ ရန်ကုန်မြို့၊ နာဂ လိုဏ်ဂူ ဘုရား ကုန်းမြေ ၌ '၀' ကျောင်းသား ၁၇ ယောက်ဖြင့် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ ဖွင့်လှစ်ပြီးချိန်မှ စ၍ နယ်စပ် ဒေသနှင့် တောင်တန်းဒေသ များမှ တိုင်းရင်းသား ပေါင်းစုံ တစ်ထောင်ကျော် နှစ်စဉ် လာရောက်၍ အခမဲ့ ပညာ သင်ကြားလျက် ရှိကြောင်း သိရှိ ရပါသည်။

ကျောင်းအိပ် ကျောင်းစား အဖြစ် လက်ခံကာ ပညာ သင်ကြား ပေးသော အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် ပညာ သင်ကြားမှု အတွက် လိုအပ်သော စာအုပ်၊ ခဲတံ၊ ဘောပင်များသာ မက ကျန်းမာရေး စောင့်ရှောက်မှု များကို လည်း စေတနာရှင် များ၏ လှူဒါန်းမှု များဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ဘုန်းတော်ကြီးသင် ပညာရေး သည် မြန်မာနိုင်ငံ၏ ပထမ အစ ပညာသင်ကြားရေး စနစ် တစ်ခု ဖြစ်ခဲ့ ပြီး မြန်မာတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ပညာရေးတို့ အတွက် အထောက် အကူ တစ်ရပ် အဖြစ် ယနေ့တိုင် ဆက်လက် တည်ရှိ နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာကျောင်းများ သည် ခေတ်စနစ် နှင့် လိုက်လျောညီ ထွေသော သင်ကြားမှုများ ကိုလည်း ပြောင်းလဲ နိုင်ခဲ့ပြီး မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့်များ အထိ သင်ကြား ပေးနိုင် ခဲ့သော်လည်း အလယ်တန်း နှင့် အထက်တန်း ပညာ သင်ကြား ခြင်းကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စ၍ သင်ကြားမှု ရပ်နားခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။


၂၅ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats